35 C
Yangon

စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာရှိ ရေအားလျှပ်စစ်ဓာတ်အားပေးရုံပျက်စီး

Must read

စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာရှိ ရေအားလျှပ်စစ်ဓာတ်အားပေးရုံပျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၁၈

အကြမ်းဖက်စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စုရှိ နမ့်မျော်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ပျက်စီးသွားကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်း လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စု နမ့်မျော်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တိုက်လေယာဉ်က စုစုပေါင်း ဗုံး ၄ လုံး ကျဲချခဲ့ပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေးစက်၊ လျှပ်စစ်ဓာတ်ကြိုးများနှင့်အဆောက်အဦအများအပြား ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာ ၁၄ ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်က တိုက်လေယာဉ်များမှ လားရှိုးမြို့ ရပ်ကွက် ၁ ရှိ နားမခေါ် ဓာတ်အားပေးစက်ရုံကို ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ဓာတ်အားပေးစက်ရုံရှိ စက်အချို့ ပျက်စီးခဲ့ပြီး ဒေသခံ အရပ်သားတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် နေအိမ်အများအပြားကို ပျက်စီးစေခဲ့ကြောင်း၊ လားရှိုးမြို့နှင့် သိန္နီမြို့ရှိ လူနေရပ်ကွက်များအပြင် စာသင် ကျောင်းများ၊ ဈေးများနှင့် အခြားအများပြည်သူဆိုင်ရာ အဆောက်အအုံများကို စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ အရပ်သားသေဆုံးမှု အများအပြား ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်က ပြည်သူတို့ နေထိုင်ရေး အခြေခံအဆောက်အအုံများကို လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး အခြေခံအဆောက်အအုံများကို ဖျက်ဆီးနေကြောင်း MNDAA က ထုတ်ပြန်ပြောဆိုထားသည်။

အကြမ်းဖက်စစ်ကောင်စီက ဩဂုတ်လ ၃၀ ရက်နေ့မှစတင်၍ လားရှိုးမြို့နယ်တစ်ခုလုံးကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ အရှိန်အဟုန်မြှင့်တင်ပြီး တိုက်ခိုက်နေရာ ပြည်သူများ ထိခိုက်သေဆုံးမှုနှင့် အဆောက်အအုံ၊ နေအိမ်များပျက်စီးမှုများလည်း မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article