ထိုင်းနှင့်တရုတ်ထုတ် လူသုံးကုန်၊စားသောက်ကုန်များမှာ တရားမဝင် သဖြင့် ကုန်တိုက်၊ စျေးဝယ်စင်တာ၊ မီနီမတ်များနှင့် ရပ်ကွက်စျေးအရောင်းဆိုင်များတွင် ရောင်းချခြင်းမပြုရန် စစ်ကောင်စီက သတိပေး၊ အာဏာရှင်နေဝင်း လက်ထက် ဆိုရှယ်လစ်ခေတ် ပုံစံပြန်ဖြစ်လာဟုဆို
ရန်ကုန်၊ အောက်တိုဘာ ၂၀
အကြမ်းဖက်စစ်ကောင်စီက ထိုင်းနှင့်တရုတ်ထုတ် လူသုံးကုန်နှင့်စားသောက်ကုန်များကို တရားဝင် သွင်းကုန်လိုင်စင်ဖြင့် တင်သွင်းခြင်းမဟုတ်လျှင် ကုန်တိုက်၊ စျေးဝယ်စင်တာ၊ မီနီမတ်များနှင့် ရပ်ကွက်စျေးအရောင်းဆိုင်များတွင် ရောင်းချခြင်းမပြုရန် သတိပေးနေသဖြင့် ပြည်ပထုတ် လူသုံးကုန်နှင့်စားသောက်ကုန်များ ရောင်းချမှုအားလုံး ရပ်ဆိုင်းသွားကြောင်း ပြည်တွင်း စီးပွားရေးအသိုင်းအ၀ိုင်းနှင့် ရန်ကုန်မှ ပြည်သူတချို့က ပြောဆိုကြသည်။
အကြမ်းဖက်ဒုစစ်ခေါင်းဆောင် စိုးဝင်းက အောက်တိုဘာ ၉ ရက်နေ့ တွင် တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်ဆီးရန်အတွက် လမ်း ကြောင်းများတွင် စောင့်ကြည့်ဖမ်းဆီးရမည့်အပြင် ဂိုဒေါင်များနှင့်သိုလှောင်ရုံများကိုလည်း လိုက်လံစစ်ဆေး ဖမ်းဆီးရမည်ဖြစ်ကြောင်း၊ ထို့ပြင် စျေးကွက်များအတွင်းထိပါ ကွင်းဆင်း၍ ဖမ်းဆီး စစ်ဆေးအရေးယူရမည်ဟု အမိန့်ပေးပြီးနောက် ကုန်တိုက်၊ စျေးဝယ်စင်တာ၊ မီနီမတ်နှင့် ရပ်ကွက်အရောင်းဆိုင်များတွင်ပါ တရားမဝင် ပြည်ပသွင်းကုန်များ ရောင်းချခြင်းမပြုရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သတိပေး လာခြင်းဖြစ်ကြောင်း သိရှိရသည်။
“သွင်းကုန်လိုင်စင်နဲ့ တရားဝင် အထောက်အထားမရှိရင် ဘယ်ပြည်ပက ထုတ်တဲ့ လူသုံးကုန်၊ စားသောက်ကုန် ရောင်းလို့မရဘူး၊ ရောင်းရင် ပို့ကုန်သွင်းကုန် ဥပဒေနဲ့ အရေးယူခံရနိုင်တယ်။ ဆိုင်မှာရှိတဲ့ ယိုးဒယား ဆီ၊ ဆပ်ပြာမှုန့်၊ နို့မှုန့်၊ ပဲနို့ တွေ မရောင်းနဲ့။ ရောင်းမယ်ဆိုရင်လည်း မြန်မြန်ကုန်အောင်ရောင်းလို့ ပြောတယ်။ လာစစ်တဲ့အချိန် ယိုးဒယားပစ္စည်းတွေ မိရင် အသိမ်းခံရမယ့်အပြင် လူပါ အဖမ်းခံရမယ်လို့ ပြောတယ်။ မြို့နယ်ထွေ/အုပ်က ညွှန်ကြားလို့ လာသတိပေးတာလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောတယ်။ ယိုးဒယားပစ္စည်းတွေ ဆိုင်မှာ ဘာမှ မတင်တော့ဘူး”ဟု တာမွေမြို့နယ်မှ မီနီမတ်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။
အလားတူ ရန်ကုန်မြို့ရှိ ကုန်တိုက်များ၊ စျေးဝယ်စင်တာများအားလုံးတွင် ယိုးဒယားနှင့် တရုတ်ထုတ် လူသုံးကုန်၊ စားသုံးကုန်နှင့် လျှပ်စစ်ပစ္စည်း များ လုံး၀ မတွေ့ရှိရတော့ဘဲ ပြည်တွင်းထုတ်များကိုသာ တင်ထားကြတော့ကြောင်း၊ စစ်ကောင်စီက ကုန်တိုက်များ၊ စျေးဝယ်စင်တာများနှင့် ရောင်းဝယ်ရေး ကုမ္ပဏီများကိုလည်း တရားဝင် သတိပေးမှုများ ရှိကြောင်း ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက ဆိုသည်။
“City Mart နဲ့ ကုန်တိုက်တွေမှာ ထိုင်းပစ္စည်းတွေရော၊ တရုတ်ပစ္စည်းတွေရော ဘာမှ မတွေ့တော့ဘူး။ အရင် ဆီဆိုရင် ယိုးဒယားပုဇွန်နှစ်ကောင်ဆီတို့ကို City Mart မှာရှိတယ်။ အခု ပြည်တွင်းထုတ် မြေပဲဆီနဲ့ နှမ်းဆီတွေပဲရှိတော့တယ်။ ဆပ်ပြာမှုန့်ဆိုရင်လည်း ယိုးဒယား ထုတ် မရှိတော့ဘူး။ ပြည်တွင်းထုတ် ဆပ်ပြာမှုန့်တွေပဲရှိတော့တယ်။ မေးကြည့်တော့ မတင်ရဲဘူး။ တင်ရင် ဖမ်းခံရမှာစိုးလို့ ပြောတယ်။ City Mart မှ မဟုတ်ဘူး၊ ကုန်တိုက်တွေအားလုံး ယိုးဒယားပစ္စည်းတွေ မရှိတော့တာ။ ရွှေဝါဆပ်ပြာနဲ့ ကိုယ်တိုက်ပြီး တရော်ကင်းပွန်းနဲ့ ခေါင်းလျှော်ရမယ့် ကိန်းပြန်ဆိုက်နေပြီ” ဟု ရန်ကုန်မြို့မှ အိမ်ရှင်မတစ်ဦးက ဆိုသည်။
ထို့ပြင် ယမန်နေ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်တို့ရှိ ကုန်သိုကုန်လှောင်ရုံများကိုလည်း စစ်ကောင်စီက စစ်ဆေးဖမ်းဆီးမှုများ၊ အထောက် အထားမပြနိုင်သော သွင်းကုန်များကို သိမ်းဆည်းမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ အလားတူ မန္တလေးပြည်ကြီးတံခွန် ၄၆လမ်းဘက်တွင်ရှိသော TW ဂိုထောင်အား တရားမဝင်ပစ္စည်းများ သိုလှောင်ထားသည်ဟုဆိုကာ လူသုံးကုန် လျှပ်စစ်ပစ္စည်းများဝင်ရောက် ဝင်ဖမ်းသွားခဲ့ကြောင်း သိရှိရသည်။
ယနေ့ ဖြစ်ပေါ်နေသော ဖြစ်စဉ်များသည် အာဏာရှင် နေဝင်း အုပ်ချုပ်ခဲ့သော ဆိုရှယ်လစ်ခေတ်ပုံစံအတိုင်း ဖြစ်လာကြောင်း၊ အာဏာရှင် နေဝင်းလက်ထက်တွင် ပြည်ပမှ ကုန်ပစ္စည်းများမှန်သမျှကို တရားမဝင်ဟုတ် သတ်မှတ်ပြီး ပြည်တွင်းထုတ်ကုန်များကို တစ်နေရာမှ တစ်နေရာ သယ်ယူရာတွင် မှောင်ခို သယ်ယူရကြောင်း ပြောဆိုသည်။
“ဦးနေဝင်းခေတ်တုန်းက ပြည်ပထုတ် ကုန်ပစ္စည်းမှန်သမျှ သွင်းလည်းမသွင်းရဘူး၊ သုံးလည်း သုံးလို့မရဘူး။ သွင်းတာရော၊ သုံးတာရောက တရားမဝင်ဘူး။ ပြည်တွင်းထုတ် ငပိ၊ ဆား၊ ဆီသယ်မယ်ဆိုရင်တောင် ထောက်ခံချက်နဲ့ သယ်ရတယ်။ အခု အဲဒီပုံစံအတိုင်းဖြစ်လာတာ” ဟု အသက် ၇၄ နှစ်အရွယ်ရှိ အငြိမ်းစား ကျောင်းအုပ်ဆရာမကြီးတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းပြသည်။
လက်ရှိ စျေးဆိုင်များ၊ ကုန်တိုက်များ၊မီနီမတ်များတွင် ပြည်ပမှ သွင်းကုန်များကို တစ်ကိုယ်ရည်သုံးမှ စားသောက်ကုန်နှင့်လုပ်ငန်းသုံးအထိ ခွင့်ပြုချက်မရှိဘဲ ရောင်းချတင်သွင်းသူများကို ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အမှုဖွင့်မည်ဖြစ်ပြီး အဆိုပါ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နှင့် ပုဒ်မ ၉ အရ ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်မည်ဖြစ်ကြောင်း သိရှိရသည်။
အောက်တိုဘာလ ၉ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီအစည်းအဝေး ၄/ ၂၀၂၄ တွင် အကြမ်း ဖက်ဒု စစ်ခေါင်းဆောင် စိုးဝင်းက လက်နက်ကိုင်အဖွဲ့အစည်းများကို သက်ဆိုးရှည်စေသော တရားမဝင် ကုန်သွယ်မှု ကြီးထွားလာနေခြင်းကို တိုက်ဖျက်တားဆီးရန်၊ လမ်းကြောင်းများတွင် စောင့်ကြည့်ဖမ်းဆီးရမည့်အပြင် ဂိုဒေါင် များနှင့်သိုလှောင်ရုံများကိုလည်း လိုက်လံစစ်ဆေး ဖမ်းဆီးရန်၊ စျေးကွက်များအတွင်းထိပါ ကွင်းဆင်း၍ ဖမ်းဆီး စစ်ဆေးအရေးယူရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယခင်လများအတွင်း ပြည်တွင်းထုတ် မြေပဲဆီနှင့်စားဆီများသာ ရောင်းချရတော့သည့် ကုန်တိုက်တစ်ခုမြင်ကွင်း။
Photo- Khit Thit Media