ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးရွာကို စစ်တပ်က ယနေ့ ညပိုင်းတွင် ထပ်မံ မီးရှို့နေပြီး မီးလာငြိမ်းသည့် ပြည်သူ ၁၀ ဦးကို ရွာထဲ၌ ဖမ်းဆီးထား
ရန်ကုန်၊ အောက်တိုဘာ ၂၀
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းတွင် ထပ်မံ မီးရှို့နေပြီး မီးလာငြိမ်းသည့် ပြည်သူ ၁၀ ဦးကို ရွာထဲ၌ ဖမ်းဆီးထားကြောင်း စီပါကျေးရွာ ပကဖ တာဝန်ခံ ကိုမိုးသောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာ ၂၀ ရက်နေ့ ညနေပိုင်းမှစတင်၍ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပြည်သူပိုင်နေအိမ်များကို ညပိုင်းအထိ မီးရှို့ဖျက်ဆီးနေပြီး မီးလာငြိမ်းသည့် ပြည်သူ ၁၀ ဦးကိုလည်း ရွာထဲ၌ ဖမ်းဆီးထားကြောင်း သိရသည်။
“စစ်ခွေးက စိုင်ပြင်လေးရွာထဲကို ရောက်နေကျတယ်။ ဒီနေ့ ညနေပိုင်းကနေစပြီး ညပိုင်းအထိကို မီးရှို့နေကြတယ်။ နောက်ပြီး မီးလာငြိမ်းတဲ့ ပြည်သူ ၁၀ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ သိရတယ်” ဟု စီပါကျေးရွာ ပကဖ တာဝန်ခံ ကိုမိုးသောက်က ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောက်တိုဘာလ ၁၇ ရက်နေ့တွင် စီပါရွာ၌ တပ်စွဲစဉ်က ပြည်သူ ၆ ဦးကို ဖမ်းဆီး၍ ခေါင်းနှင့်ခြေလက်များ ဖြတ်ပြီး ခြံ စည်းရိုးတွင် ချိတ်ခြင်း၊ မီးရှို့သတ်ခြင်း၊ လူခန္ဓာကိုယ်မှ အူနှင့်ကလီစာများထုတ်ပြီး အရိုးကျန်သည်အထိ အသားများ ခြစ်ထုတ် သတ်ဖြတ်ခြင်း၊ လူ၏ အူနှင့် ကလီစာများကို ရွာနေရာအနှံ့တွင် စွန့်ပစ်ခဲ့ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။