28 C
Yangon

ရန်ကုန်တိုင်းတွင် ခိုးဆိုးလုနှိုက် အပါအဝင် ရာဇဝတ်မှုများဖြင့် အမှုရင်ဆိုင်နေရသော အချုပ်သားတချို့ကို စစ်ကောင်စီက အမှုပယ်ဖျက်ပေးပြီး စစ်မှုထမ်းအပတ်စဉ် ၆ အတွက် စစ်သားများအဖြစ် စုဆောင်း

Must read

ရန်ကုန်တိုင်းတွင် ခိုးဆိုးလုနှိုက် အပါအဝင် ရာဇဝတ်မှုများဖြင့် အမှုရင်ဆိုင်နေရသော အချုပ်သားတချို့ကို စစ်ကောင်စီက အမှုပယ်ဖျက်ပေးပြီး စစ်မှုထမ်းအပတ်စဉ် ၆ အတွက် စစ်သားများအဖြစ် စုဆောင်း

ရန်ကုန်၊ အောက်တိုဘာ ၂၁

ရန်ကုန်တိုင်းအတွင်းတွင် ခိုးဆိုးလုနှိုက် အပါအဝင် ရာဇဝတ်မှုများဖြင့် အမှုရင်ဆိုင်နေရသော အချုပ်သားတချို့ကို အမှု ပယ်ဖျက်ပေးပြီး စစ်မှုထမ်းအပတ်စဉ် ၆ အတွက် စစ်သားများအဖြစ် စုဆောင်းခဲ့ကြောင်း ရန်ကုန်တိုင်းရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုအောက်တိုဘာလအတွင်း စတင်ဖွင့်လှစ်နေသည့် စစ်မှုထမ်း အပတ်စဉ် ၆ အတွက် ရန်ကုန်တိုင်းအတွင်းရှိ ရဲစခန်းတချို့တွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိ အချုပ်သား အမျိုးသားများကို အမှုပယ်ဖျက်ပေးပြီး တပ်သားသစ်များအဖြစ် စုဆောင်းခဲ့ကြောင်း၊ အမှုပယ်ဖျက်ပေးခဲ့သော အချုပ်သားမှာ ခိုးမှု၊ ခါးပိုက်နှိုက်၊ မှောင်ရိပ်ခိုမှု၊ မူးယစ်ရမ်းကားမှု၊ ဧည့်စာရင်းမတိုင်ကြားမှု၊ နှစ်လုံးထီ၊ သုံးလုံးထီ အပါအဝင် လောင်းကစားအမှုများ၊ ဆေးသုံးစွဲမှုများ ပါဝင်ကြောင်း သိရှိရသည်။

“သူတို့ အခု ရင်ဆိုင်နေရတဲ့ အမှုတွေကို ပယ်ဖျက်ပေးပြီးတော့ တပ်သားသစ်အဖြစ် နိုင်ငံတော်အတွက် စစ်မှုထမ်းခိုင်းတာရှိပါတယ်။ အမှုရင်ဆိုင်နေရတဲ့ အချုပ်သားတွေအဖြစ်ကနေ အမှုပယ်ဖျက်ပေးတာပါ။ အမျိုးသားတွေ၊ လူငယ်လေးတွေပါပါတယ်။ တကယ်တော့ သူတို့ အမှုအရ ထောင်ကျရင်တောင် တချို့ဆိုရင် နှစ်ကြီးကျမှာဆိုတော့ စစ်မှုထမ်းမလား အပြစ်ကျခံမလား မေးကြည့်တဲ့အခါ စစ်မှုထမ်းမယ်ဆိုရင် တစ်ခါတည်း အမှုပယ်ဖျက်ပြီး သင်တန်းကျောင်းပို့ပေးတာပါ။ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ တပ်နဲ့ ရဲဘက်က ပူးပေါင်းလုပ်ဆောင်တာဖြစ်ပါတယ်” ဟု ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အချုပ်သားများအနက်မှ ဆေးသုံးစွဲသုံးတချို့ကိုလည်း စစ်မှုထမ်းအဖြစ် ခေါ်ယူမှုများရှိသော်လည်း ကျန်းမာရေးကောင်းမွန်သူများကို အဓိက ဦးစားပေး ခေါ်ယူကြောင်း၊ စစ်သင်တန်း တက်နိုင်သည်အထိ ကျန်းမာရေးမကောင်းမွန်သော ဆေးသုံးစွဲသူများကိုမူ ခေါ်ယူခြင်းမရှိကြောင်း သိရှိရသည်။

စစ်မှုထမ်းအပတ်စဉ် ၆ အတွက် လူရှာရ ခက်ခဲနေသည့် မြို့နယ်များတွင် ယင်းကဲ့သို့ အချုပ်သားများကို အမှုမှ ပယ်ဖျက် ကင်းလွတ်ခွင့်ပေးပြီး တပ်သားသစ်များ စုဆောင်းခြင်းဖြစ်ရာ အမှုပယ်ဖျက်နိုင်ရန် သက်ဆိုင်ရာ မြို့နယ် ဥပဒေဌာနနှင့် တရားရေးဌာနများကလည်း ပူးပေါင်းဆောင်ရွက်ရကြောင်း သိရှိရသည်။

“အမှုပယ်ဖျက်တာကတော့ ထွေ/အုပ်နဲ့ ရဲဘက်ကနေ စာနဲ့ ပယ်ဖျက်ခိုင်းတယ်။ မြို့နယ် တရားရေးနဲ့ဥပဒေရုံး ဘက်က အမှုကို ပယ်ဖျက်ပေးတာပါ” ဟု ရဲသတင်းရင်းမြစ်က ဆိုသည်။

ထို့ကြောင့် ယခု စစ်မှုထမ်းအပတ်စဉ် ၆ အတွက် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် သတ်မှတ်ထားသည့် ပမာဏထက် တပ်သားသစ် ပမာဏ ပိုမိုရရှိခဲ့ပြီး ရှမ်းပြည်နယ်ဟိုပုံးအပါအဝင် အခြားပြည်နယ်/တိုင်းများရှိ စစ်သင်တန်းကျောင်းများသို့ တပ်သားသစ် သင်တန်းသားများ ရန်ကုန်မှ စေလွှတ် ပို့ပေးနိုင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း စစ်ကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်သော အကျဉ်းသားတချို့။ (ပုံအဟောင်း ဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article