26 C
Yangon

စစ်တပ်ပိုင် ဦးပိုင်က ထုတ်လုပ်တဲ့ လျှပ်စစ်မီတာတွေကို ဝယ်ယူဖို့ ပယ်ချခဲ့လို့ စစ်ဗိုလ်ချုပ်တွေ အငြိုးထား၊ ထောင်နှစ်ရှည်ချခံခဲ့ရတဲ့ NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ကို ကျန်းမာရေးဆိုးရွားနေချိန်မှ စစ်ကောင်စီက လွတ်ငြိမ်းပေး

Must read

စစ်တပ်ပိုင် ဦးပိုင်က ထုတ်လုပ်တဲ့ လျှပ်စစ်မီတာတွေကို ဝယ်ယူဖို့ ပယ်ချခဲ့လို့ စစ်ဗိုလ်ချုပ်တွေ အငြိုးထား၊ ထောင်နှစ်ရှည်ချခံခဲ့ရတဲ့ NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ကို ကျန်းမာရေးဆိုးရွားနေချိန်မှ စစ်ကောင်စီက လွတ်ငြိမ်းပေး

🟥စစ်ဗိုလ်ချုပ်တွေနဲ့ ဦးပိုင်ကုမ္ပဏီရဲ့ အမြတ်ကြီးစား လျှပ်စစ်မီတာ စက်ရုံတွေကို အပြီးပိတ်သိမ်းစေခဲ့သူ

By ရန်ကုန်ခေတ်သစ်

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက ထုတ်လုပ်တဲ့ Ever တံဆိပ် လျှပ်စစ်မီတာတွေကို လျှပ်စစ်ဝန်ကြီးဌာနရဲ့ မီတာတပ်ဆင်ရေး စီမံချက်မှာ ဝယ်ယူဖို့ ပယ်ချခဲ့လို့ စစ်ဗိုလ်ချုပ်တွေ အငြိုးထား၊ ထောင်နှစ်ရှည်ချခံခဲ့ရတဲ့ NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ကို ကျန်းမာရေးဆိုးရွားနေချိန်ရောက်မှ စစ်ကောင်စီက လွတ်ငြိမ်းပေးလိုက်တယ်လို့ NLD သတင်းရပ်ကွက်က ပြောပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့ ညနေပိုင်း NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်တက်ရောက်ဆေးကုသနေရတဲ့ မန္တလေးဆေးရုံကြီး ၊ ICU ခန်းထဲကို အာဏာပိုင်တွေ လာရောက်ပြီး ထောင်ဒဏ် ၂၈ နှစ် ချမှတ်ထားမှုမှ လွတ်ငြိမ်းခွင့်ပေးတယ်ဆိုပြီး စစ်တပ်က အမိန့်စာ လာဖတ်ပြန်သွားပါတယ်။ ဒါပေမယ့် သတိမေ့မျောနေတဲ့ NLD အစိုးရ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ကတော့ ဘာမှ သိနိုင်တဲ့ အခြေအနေမရှိဘူးလို့ NLD သတင်းရင်းမြစ်က ဆိုပါတယ်။

အောက်တိုဘာလဆန်းပိုင်းမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကိုလည်း မန္တလေးဆေးရုံကြီး၊ ICU ထဲရောက်မှ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးတယ်ဆိုတဲ့ အမိန့်စာ လာရောက်ဖတ်ပြခဲ့ပေမယ့်လည်း အောက်တိုဘာလ ၇ ရက်နေ့မှာ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခဲ့ရပါတယ်။

စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံ့ဘဏ္ဍာငွေ ကျပ် ၆ ဘီလီယံခန့် နစ်နာတယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၅ နဲ့ ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

NLD အစိုးရ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ကို စစ်ဗိုလ်ချုပ်တွေက အငြိုးတကြီး ထောင်ချခဲ့တာက နိုင်ငံ့ဘဏ္ဍာ ငွေကျပ် ၆ ဘီလီယံနစ်နာတယ်ဆိုတဲ့ အကြောင်း ပြချက် လုပ်ကြံဇတ်သာဖြစ်ပြီး တကယ်လက်တွေ့ကတော့ စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးဦးပိုင်က ထုတ်လုပ်တဲ့ Ever တံဆိပ် လုပ်ငန်းသုံးနဲ့ လျှပ်စစ်သုံး မီတာတွေကို NLD အစိုးရ အုပ်ချုပ်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ငြင်းပယ်ခဲ့တာကြောင့် ဖြစ်ပါတယ်။

NLD အစိုးရ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်နှင့် စစ်တပ်အကြား ပဋိပက္ခ

=============================================

NLD အစိုးရလက်ထက်မှာ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီရဲ့ စီးပွားရေးလုပ်ပိုင်ခွင့်တွေ အကြီးအကျယ်ဆုံးရှုံးခဲ့ရတဲ့အထဲမှာ ဦးပိုင်ကုမ္ပဏီက ထုတ်လုပ်နေတဲ့ လျှပ်စစ်မီတာတွေကို စျေးကြီးတာနဲ့ အရည်အသွေး မကောင်းတာကြောင့် ပယ်ချခဲ့တဲ့အတွက် စစ်ဗိုလ်ချုပ်တွေ အကြီးအကျယ် ဒေါပွ စိတ်ဆိုးခဲ့ကြပါတယ်။

စစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီက ထုတ်လုပ်တဲ့ Ever တံဆိပ် လျှပ်စစ်မီတာတွေက NLD အစိုးရက ခေါ်ယူလိုက်တဲ့ လျှပ်စစ်ဝန်ကြီးဌာနရဲ့ လျှပ်စစ် မီတာဝယ်ယူရေး တင်ဒါတွေမှာ ဘဏ္ဍာရေးနှစ်တိုင်း၊ နှစ်စဉ် တင်ဒါ မအောင်မြင်ဘဲ ရှုံးနိမ့်ခဲ့ပါတယ်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ပြည်တွင်းမှာ ထုတ်လုပ်တဲ့ Ever အမှတ်တံဆိပ် ဒီဂျစ်တယ်မီတာတွေဟာ လျှပ်စစ်ဝန်ကြီးဌာနက ခေါ်ယူတဲ့ တင်ဒါတွေမှာ ၂၀၁၆ ခုနှစ်ကစလို့ အကြိမ်ကြိမ်ရှုံးနိမ့်နေတာ ၊ တင်ဒါ ပယ်ဖျက်ခံရတာတွေကြောင့် ဆယ်စုနှစ်တစ်ခုကျော် မင်းမူခဲ့တဲ့ ဦးပိုင်ထုတ် မီတာတွေ အဆုံးသတ်ပြီး စက်ရုံပါ ပိတ်ခဲ့ရပါတယ်။

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က Myanmar Machinery Manufacturing ကုမ္ပဏီအမည်နဲ့ ၂၀၀၃ ခုနှစ်ကစလို့ ဆင်တဲမီတာစက်ရုံ၊တောင်ဒဂုံစက်မှုဇုန်မှာရှိတဲ့ မီတာစက်ရုံတွေမှာ က.စ.လ တံဆိပ် Analog မီတာတွေ ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၀၃ လောက်စလို့ န၀တ၊ နအဖ စစ်အစိုးရခေတ်တစ်လျှောက်လုံးမှာ အဲဒီ က.စ.လ အမှတ်တံဆိပ် လျှပ်စစ်မီတာတွေကိုပဲ လျှပ်စစ်ဝန်ကြီးဌာနက အသုံးပြုခဲ့ကြပါတယ်။

အဲဒီနောက် ၂၀၁၂ ခုနှစ်မှာတော့ ဦးပိုင်ကုမ္ပဏီက Ever အမှတ်တံဆိပ်နဲ့ ဒီဂျစ်တယ်မီတာတွေကို စတင်ထုတ်လုပ်ခဲ့တာပါ။ သမ္မတဦးသိန်းစိန်လက်ထက်မှာတော့ Ever တံဆိပ် ဒီဂျစ်တယ် လျှပ်စစ်မီတာတွေ ဟာ ပြိုင်ဘက်မရှိဘဲ တစ်ဦးတည်း လျှပ်စစ်ဝန်ကြီးဌာနက ဝယ်ယူသုံးစွဲခဲ့ရတဲ့ အမှတ်တံဆိပ် ဖြစ်ပါတယ်။

NLD အစိုးရအာဏာရလာပြီးတဲ့နောက် ၂၀၁၆ ခုနှစ်အတွင်းမှာ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်းက မြန်မာ့စီးပွားရေးဦးပိုင်လိမီတက်ထံမှ အိမ်သုံးမီတာအလုံးရေ နှစ်သိန်းနဲ့ စက်မှုသုံးမီတာ (၆၀၅၀၀) လုံးကို တိုက်ရိုက်စာချုပ်ချုပ်ဆိုဝယ်ယူရန်နှင့် ဆက်စပ်ပစ္စည်းများကို အိတ်ဖွင့်တင်ဒါဖြင့်ဝယ်ယူဖို့ လျှပ်စစ်ဝန်ကြီးဌာနအမှုဆောင်အစည်းအဝေးသို့ စစ်တပ်က တင်ပြလာခဲ့ပါတယ်။ ဒါပေမယ့်လည်း လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်က ပွင့်လင်းမြင်သာမှုရှိစွာနဲ့ အိတ်ဖွင့် တင်ဒါ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာပြီး ဦးပိုင်ကုမ္ပဏီကိုလည်း တင်ဒါ ဝင်ပြိုင်ဖို့ ပြောပြီး သူ့ကမ်းလှမ်းချက်ကို ပယ်ချလိုက်ပါတယ်။

အဲဒီအချိန်ကတည်းက စစ်တပ်က လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ကို အငြိုးထားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် မြန်မာ့စီးပွားရေးဦးပိုင်က Same Sky Trading ဆိုတဲ့ နာမည်နဲ့ ဝင်ရောက် တင်ဒါပြိုင်ခဲ့ပြီး ဦးပိုင် ကုမ္ပဏီက ဖွဲ့စည်းထားတဲ့ Same Sky Trading နဲ့ ပုဂ္ဂလိက Alpha Power Engineering ကုမ္ပဏီ ၂ ခုကပဲ လျှပ်စစ်မီတာ တင်ဒါကို ဝင်ပြိုင်ခဲ့ကြပါတယ်။ ပထမမှာတော့ ဦးပိုင်ကုမ္ပဏီရဲ့ Same Sky Trading က လျှပ်စစ် မီတာကို အဝေးကနေဖတ်နိုင်တဲ့ အဝေး လက်ကိုင်စက်တွေ ထုတ်လုပ်နိုင်လို့ တင်ဒါအအောင်ပေးခဲ့ပေမယ်လည်း တင်ဒါ အနိုင်ရရှိမှုကို ပြန်လည် သုံးသပ်တဲ့အခါမှာ သတ်မှတ်ချက် Specification တွေ မကိုက်ညီနေလို့ တရားမျှတမှုမရှိနိုင်တဲ့အတွက် ဦးပိုင်လက်အောက်မှာရှိတဲ့ Same Sky Trading အနိုင်ရတဲ့ တင်ဒါကို ဝန်ကြီးဌာနက ပြန်လည် ပယ်ဖျက်ခဲ့ပါတယ်။ အဲဒီပယ်ဖျက်မှုကို လုပ်ခဲ့တာက လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်က ဆုံးဖြတ်တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်အတွင်းမှာ ပါဝါမီတာ အလုံး ၃၀၀ တင်ဒါ ခေါ်ယူခဲ့ပါတယ်။ ဒီတစ်ခါတော့ ဦးပိုင်ရဲ့ Same Sky ၊ ပုဂ္ဂလိက Alpha Power နဲ့ ပုဂ္ဂလိက Titan Source ကုမ္ပဏီ ၃ ခု တင်ဒါ ဝင်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ကုမ္ပဏီ ၃ ခုလုံးက အရည်အသွေးမီတဲ့ မီတာ မတင်ပြနိုင်တဲ့အတွက် ၂၀၁၇ ဒုတိယအကြိမ် တင်ဒါလည်း ဝန်ကြီးဌာနက တင်ဒါတွေကို ဘယ်ကုမ္ပဏီကို မပေးခဲ့ပါဘူး။ အဲဒါကိုလည်း ဦးပိုင်ရဲ့ ဗိုလ်ချုပ်တွေက အကြီးအကျယ် စိတ်ဆိုးပါတယ်။

၂၀၁၇ ခုနှစ်အတွင်းမှာ တတိယအကြိမ် မီတာတင်ဒါခေါ်ယူခဲ့ပြီး ယှဉ်ပြိုင်သူ ၆ ဦး အထိရှိလာပါတယ်။ အဲဒီမှာ နည်းပညာစိစစ်လိုက်တဲ့အခါ ၂ ဦးကပဲ နည်းပညာအောင်မြင်ပါတယ်။ အဲဒါကတော့ ဦးပိုင်ရဲ့ Same Sky နဲ့ ပုဂ္ဂလိက Alpha power တို့ပဲဖြစ်ပါတယ်။

နည်းပညာအောင်မြင်ပြီး ကုမ္ပဏီ ၂ ခုထံမှ လျှပ်စစ် မီတာဈေးနှုန်း အဆိုပြုမှုတွေ တောင်းခံတဲ့အခါမှာ ပုဂ္ဂလိက Alpha power ရဲ့ လျှပ်စစ်မီတာ ဈေးနှုန်းစုစုပေါင်းဟာ ၈ ဒသမ ၁ ဘီလီယံခန့်ဖြစ်ပြီး မြန်မာ့စီးပွားရေးဦးပိုင်ရဲ့ဈေးနှုန်းဟာ ၁၃ ဒသမ ၄ ဘီလီယံခန့်ဖြစ်ပါတယ်။

အဲဒီအခါမှာ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်ရဲ့ အမည်နဲ့ဝင်ပြိုင်တဲ့ Same sky Ever မီတာတွေက ယှဉ်ပြိုင်ဘက်ထက် ဈေးနှုန်း ကျပ် ၅၃၄၃ သန်းပိုများနေတဲ့အတွက် ဦးပိုင်က တင်ဒါရှုံးသွားခဲ့ပါတယ်။

အဲဒါကြောင့် လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ဆီကို ဦးပိုင်က Myanmar Machinery Manufacturing ကုမ္ပဏီအမည်နဲ့ လျှပ်စစ်မီတာ တင်ဒါတွေကိုပြန်လည်စိစစ်ပေးဖို့ ကန့်ကွက်စာပေးပို့ခဲ့ပါတယ်။

အဲဒီကန့်ကွက်စာပေးပို့တဲ့အပေါ်မှာ ပုဂ္ဂလိက Alpha power ကုမ္ပဏီ ကလည်း တင်ဒါအနိုင်ရရှိမှုကို အတည်ပြုပေးဖို့ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ဆီ စာ ပေးပို့ခဲ့ပါတယ်။

စစ်ဗိုလ်ချုပ်တွေက လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ထံ ရာဇသံပေး

=====================================

၂၀၁၇ ခုနှစ် ဇူလိုင်လမှာ စစ်တပ်ရဲ့ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်မှ စစ်ဗိုလ်ချုပ်တွေက သူတို့ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ လျှပ်စစ်မီတာတွေကိုဦးစားပေးရွေးချယ်ပေးပါဆိုပြီး လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ထံကို ရာဇသံပေးလာပါတယ်။

၂၀၁၈ ဇန်နဝါရီလ လျှပ်စစ်ဝန်ကြီးဌာနရဲ့ အမှုဆောင်ကော်မတီအစည်းအဝေးမှာ လုပ်ငန်းတင်ဒါအောင်မြင်ရန် အစိုးရအရာရှိများထံမှ သို့မဟုတ် သြဇာရှိသောပုဂ္ဂိုလ်များထံမှ အကူအညီရယူရန် ကြိုးစားလျှင် တင်ဒါအားပယ်ဖျက်သွားမည်ဆိုတဲ့ NLD သမ္မတရုံးရဲ့တင်ဒါဆိုင်ရာ ညွှန်ကြားချက်အရ ဦးပိုင်ကုမ္ပဏီရဲ့ ရာဇသံ တင်ပြစာကို ငြင်းပယ်ခဲ့ပါတယ်။

ဒါ့အပြင် လျှပ်စစ်ဝန်ကြီးဌာနက ၂၀၁၇ ခုနှစ် ၊ အောက်တိုဘာလ ၁၆ ရက်နေ့မှာ မီတာ အလုံးရေ ၃ သိန်း ၆ သောင်းကျော်အတွက် တင်ဒါခေါ်ယူခဲ့ပြန်ပါတယ်။ ကျေးလက်သုံးမီတာ ၁ သိန်း၊ မြို့ငယ်သုံး မီတာ ၁ သိန်းခွဲ ၊ မြို့ကြီးသုံး မီတာ အလုံးရေ ၁ သိန်း ၊ လုပ်ငန်းသုံး မီတာ အလုံးရေ ၁ သောင်း ၊ လုပ်ငန်းသုံး ဒုမီတာ အလုံးရေ ၃၇၀၀ စုစုပေါင်း ၃ သိန်းခြောက်သောင်း သုံးထောင်ခုနစ်ရာအတွက် တင်ဒါ ခေါ်ယူခဲ့တာပါ။ ဒီတစ်ခါတော့ ကုမ္ပဏီ ၉ ခုက အပြိုင်အဆိုင် တင်ဒါ ဝင်ပြိုင်ခဲ့ကြပါတယ်။

စီးပွားရေးဦးပိုင်က နည်းပညာအောင်မြင်တဲ့ ကုမ္ပဏီအဖြစ် တင်ဒါ ရခဲ့ပေမယ့် ဈေးနှုန်းကြီးမြင့်လို့ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်က ဦးပိုင်ကရထားတဲ့ တင်ဒါကို ပယ်ဖျက်လိုက်ပါတယ်။ ကျေးလက်သုံး မီတာ အလုံးရေ ၁ သိန်းအတွက် ပုဂ္ဂလိက Junction River ကုမ္ပဏီက တင်ဒါ အောင်မြင်ခဲ့ပြီး မြို့နယ် သုံး မီတာ ၁ သိန်းခွဲအတွက် ပုဂ္ဂလိက Titan Source ၊ မြို့ကြီးသုံး မီတာ ၁ သိန်း အတွက် ပုဂ္ဂလိကTitan Source ၊ လုပ်ငန်းသုံးမီတာတင်ဒါအတွက် ပုဂ္ဂလိက Alpha Power က တင်ဒါ အောင်မြင်ခဲ့တာပါ။

ဦးပိုင်ကုမ္ပဏီကတော့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာလည်း ဘာတင်ဒါမှ မရခဲ့ပြန်ပါဘူး။ NLD အစိုးရ၊ လျှစ်စစ်ဝန်ကြီးဌာနကတော့ တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီတွေရဲ့ ဈေးနှုန်းသက်သာမှုကြောင့် ပြည်သူ့ငွေ ၃၁၂၁ ဒသမ ၅ ကျပ်သန်း သက်သာ သွားတယ်လို့ တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်ကြောင့် ဦးပိုင်ကုမ္ပဏီရဲ့ စစ်ဗိုလ်ချုပ်တွေ အရမ်းကို စိတ်ဆိုးခဲ့ကြပါတယ်။

၂၀၁၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှာလည်း လျှပ်စစ်ဝန်ကြီးဌာနက ကျေးလက်မီတာ ၂ သိန်းခွဲ ၊ မြို့ငယ် မီတာအလုံးရေ ၁ သိန်း၊ မြို့ကြီးမီတာ အလုံးရေ ၂ သိန်း ၇ သောင်းအတွက် တင်ဒါ ထပ်မံ ခေါ်ယူခဲ့ပါတယ်။ ဒီတင်ဒါမှာ ကုမ္ပဏီ ၁၃ ဖွဲ့ ယှဉ်ပြိုင်ခဲ့ပြီး နည်းပညာအောင်မြင်တဲ့ ကုမ္ပဏီ ၉ ခုရှိခဲ့ရာမှာ ဦးပိုင်လည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဈေးနှုန်း အဆိုပြု တင်ပြခိုင်းတဲ့အခါမှာ ဦးပိုင်ရဲ့ Ever မီတာတွေဟာ ဈေးကြီးလွန်းတဲ့အတွက် တင်ဒါ ထပ်မံ ရှုံးနိမ့်ခဲ့ပါတယ်။ Junction Over က ကျေးလက်မီတာ တင်ဒါ အားလုံး ရရှိပြီး Supreme Trading က မြို့ငယ်နဲ့ မြို့ကြီး မီတာ အားလုံးကို တင်ဒါ ရရှိသွားခဲ့ပါတယ်။

ဦးပိုင်ကုမ္ပဏီက တင်ဒါ ရှုံးနိမ့်မှုတွေ ပယ်ဖျက်ခံရ မှုတွေနဲ့ပတ်သက်လို့ ၂၀၁၈ ခုနှစ်အတွင်းမှာပဲ သက်ဆိုင်ရာNLD အစိုးရအကြီးအကဲတွေကို တိုင်စာတွေပို့ခဲ့ပါတယ်။ ဒီတိုင်ကြားမှုတွေရဲ့ နောက်ဆက်တွဲ ဝန်ကြီးနဲ့ ဒုဝန်ကြီး စစ်ဆေးခံရတဲ့ သတင်းတွေလည်း အတိအကျ ထွက်ပေါ်ခဲ့ပါတယ်။

လျှပ်စစ်ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်ကတော့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ တင်ဒါတွေကို တစ်ဦးတည်းကို ပေးခဲ့တာမဟုတ်ဘဲ စည်းကမ်းစည်းမျဉ်းတွေနဲ့ အညီ ရွေးချယ်ခဲ့တာလို့ ပြောဆိုထားပါတယ်။

နောက်ဆုံးမှာတော့ NLD အစိုးရဘက်က စစ်တပ် ဦးပိုင်ကုမ္ပဏီရဲ့ တိုင်ကြားစာဟာ သက်သေမခိုင်လုံလို့ဆိုပြီး ပယ်ချခဲ့ပါတယ်။ နှစ်ပေါင်းများစွာ မင်းမူခဲ့တဲ့ က.စ.လ တံဆိပ် မီတာတွေနဲ့ Ever ဒီဂျစ်တယ် မီတာတွေ ပျောက်ကွယ်ခဲ့ရပြီး လျှပ်စစ်မီတာထုတ်လုပ်ရေး စက်ရုံတွေ ရပ်နားလိုက်ရပါတယ်။

ဦးပိုင်ကုမ္ပဏီရဲ့ စီးပွားရေး လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ လျှပ်စစ်မီတာ ထုတ်လုပ်ရေး စက်ရုံတွေအားလုံး ရပ်နားအောင် လုပ်ခဲ့တဲ့ NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ကို မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတာနဲ့ တစ်ခါတည်း ဖမ်းချုပ်ပြီး အငြိုးတကြီးနဲ့ ထောင်ဒဏ် ၂၈ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

တိုင်းပြည်အတွက် ပြည်သူလူထု ဘဏ္ဍာငွေ မကုန်ဆုံးစေရေးနဲ့ နိုင်ငံတော်အတွက် အကျိုးပြု၊ အကျိုးရှိစေဖို့ အဓိက လုပ်ဆောင်ခဲ့တဲ့ NLD အစိုးရ လျှပ်စစ် ဝန်ကြီး ဦးဝင်းခိုင်ကတော့ အကြမ်း ဖက်စစ်ဗိုလ်ချုပ်တွေရဲ့ လက် ချက် နဲ့ အခုအခါမှာ မန္တလေးဆေးရုံကြီး၊ ICU ခန်းထဲမှာ သတိလစ်မေ့ မြောနေပြီဖြစ်ပါတယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article