တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ၅ ကြိမ်မြောက် တရုတ်-မြန်မာ Think Tank ဖိုရမ် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာဘက်မှ ပို့/ဆက် ဒုဝန်ကြီး အောင်မြိုင် ဦးဆောင်၍ တက်ရောက်
ဖိုရမ်တွင် တရုတ်-မြန်မာအပြည်ပြည်ဆိုင်ရာစင်္ကြန်တည်ဆောက်မှု အရှိန်မြှင့်တင်ရေးနှင့် တရုတ်-မြန်မာ စီးပွားရေးနှင့်ကုန်သွယ်မှု ပူးပေါင်းမှု နက်ရှိုင်းရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့
ရန်ကုန်၊ အောက်တိုဘာ ၃၁
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ၅ ကြိမ်မြောက် တရုတ်-မြန်မာ Think Tank Forum ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာဘက်မှ ပို့/ဆက် ဒုဝန်ကြီး အောင်မြိုင် ဦးဆောင်၍ တက်ရောက်ခဲ့ကာ မြန်မာနိုင်ငံမှ Think Tank အဖွဲ့များ၊ စီးပွားရေးအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ ၊ စစ်အရာရှိဟောင်းနှင့် သံတမန်ဟောင်းများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အောက်တိုဘာလ ၂၉ ရက်နေ့ ဖိုရမ်အကြိုပွဲ၊ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ဖိုရမ် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဘက်မှ ပို့/ဆက်ဒုဝန်ကြီး အောင်မြိုင်က တက်ရောက်မိန့်ခွန်းပြောခဲ့ကြောင်း၊ တရုတ်ဘက်မှလည်း Think Tank အဖွဲ့များနှင့် ယူနန်ပြည်မှ အုပ်ချုပ်ရေးအရာရှိများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ မြန်မာဘက်မှ မြန်မာအမျိုးသားလေကြောင်းလိုင်း ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးသိပ္ပံအဖွဲ့ အပါအဝင် သံတမန်၊ စစ်ဘက်နှင့်အရပ်ဘက် ဌာနဆိုင်ရာ အရာရှိဟောင်းများ တက်ရောက်ခဲ့ကြသည်။
တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ပြီး China-Myanmar Think Tank Forum ကဲ့သို့သော ပလက်ဖောင်းများနှင့် ယန္တရားများ၏ အခန်းကဏ္ဍကို အပြည့်အဝပါဝင်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် တည်ငြိမ်အေးချမ်းရေးတို့ကို ထိန်းသိမ်းရန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် ပံ့ပိုးကူညီမှုအသစ်များ ဆောင်ရွက်ရန် ပြည်သူအချင်းချင်း အပြန်အလှန် ဖလှယ်မှု မြှင့်တင်နိုင်ရေး ဆောင်ရွက်ရန် တရုတ်က ဖိုရမ်တွင် ကမ်းလှမ်းသည်။
ပို့/ဆက်ဒုဝန်ကြီး ဦးအောင်မြိုင်က တရုတ်-မြန်မာ Think Tank ဖိုရမ်မှာ တရုတ်နှင့် မြန်မာနိုင်ငံအတွက် အရေးကြီးသော ပလက်ဖောင်းတစ်ခုဖြစ်ပြီး အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်များကို နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ်နိုင်ကြောင်း၊ ဤဖိုရမ်မှ တဆင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်ရေး ဆိုင်ရာ သဘောတူညီမှုများ ပိုမိုရရှိနိုင်ရန်၊ ပိုမိုလက်တွေ့ကျသော ရလဒ်များရရှိရန်၊ အပြန်အလှန် အကျိုးအမြတ်နှင့် အပြန်အလှန်ယုံကြည်မှုကို ပိုမိုမြှင့်တင်ရန်နှင့် ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုနှင့် သာယာဝပြောရေးအတွက် အုတ်မြစ်ချနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုသည်။
ဖိုရမ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များ လက်မှတ် ရေးထိုးခြင်း၊ အပြန်အလှန် ဖလှယ်ခြင်းနှင့် ဆွေးနွေးပွဲများ ဆက်လက် ကျင်းပရန်လည်း သဘောတူညီကြသည်။
ယူနန်ပြည်နယ်မှ အရာရှိများက တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှု ယန္တရားများကို အပြည့်အဝအသုံးပြုရန် ဝန်ထမ်းများ ဖလှယ်ခြင်း၊ နည်းပညာပူးပေါင်းဆောင်ရွက်မှုနှင့် သယ်ယူပို့ဆောင်ရေးနယ်ပယ်တွင် အတွေ့အကြုံများမျှဝေခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်ရန် အကြံပြုခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် တရုတ်-မြန်မာ သက်မွေးဝမ်းကျောင်း ပညာရေး ပူးပေါင်းဆောင်ရွက်မှု ပရောဂျက်များကို ဆက်လက် ပံ့ပိုးကူညီရန်၊ ထူးချွန်ကျောင်းသားများအား ဆက်လက်လေ့လာရန် အကြံပြုခြင်း၊ သယ်ယူပို့ဆောင်ရေး သက်မွေးဝမ်းကျောင်းပညာရေးနှင့် လေ့ကျင့်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာရန် ရည်ရွယ်ကြောင်း သိရှိရသည်။