ရန်ကုန်၊ နိုဝင်ဘာ ၅
ရန်ကုန်တိုင်းတွင် ၄ နာရီမီးပေးပြီး ၈ နာရီ မီးဖြတ်သည့် အလှည့်ကျ စနစ်သစ်စတင်ကို စတင်ကျင့်သုံးနေပြီဖြစ်ပြီး တစ်နိုင်ငံလုံး လျှပ်စစ်လိုအပ်ချက်၏ ၄၀ ရာခိုင်နှုန်းသာ လျှပ်စစ်ထုတ်လုပ်နိုင်တော့ကြောင်း လျှပ်စစ်ဝန်ကြီးဌာနသတင်းရင်းမြစ်က ပြောဆိုသည်။
ပုံမှန်အားဖြင့် ရန်ကုန်တိုင်းတွင် ၄ နာရီမီးပေး၊ ၄ နာရီမီးဖြတ်သည့် အလှည့်ကျစနစ်ဖြင့် မီးပေးနေရာမှ ယခုအခါ လျှပ်စစ်ရရှိမှု အခြေအနေမှာ အလွန် လျော့ကျလာနေသဖြင့် ၄ နာရီမီးပေးပြီး ၈ နာရီ မီးဖြတ်သည့် အလှည့်ကျစနစ်သစ်ကို စတင်ကျင့်သုံးခြင်းဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၅၄၄၃ မဂ္ဂါဝပ်ရှိပြီး လက်ရှိ ထုတ်လုပ်နိုင်စွမ်းမှာ တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၃၀၀ ဝန်းကျင်အောက်သာ ထုတ်လုပ်နိုင်သဖြင့် လိုအပ်ချက်၏ ၄၀ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်နိုင်တော့ကြောင်း သိရှိရသည်။
“တစ်ရက် ၄ နာရီ ၂ ကြိမ် စုစုပေါင်း ၈ နာရီ မီးပြတ်မယ်ဆိုပေမယ့် အခု လျှပ်စစ်ဓာတ်အားရရှိမှုက ပိုပိုပြီးလျှော့ကျလာနေလို့ ဒီထက်ပိုပြီး အချိန်ကြာကြာလည်း ပြတ်တောက်နိုင်ပါတယ်။ ဓာတ်အားမလျှော့ရင်တော့ တစ်ရက် ၈ နာရီပဲ ပြတ်မယ်။ ဓာတ်အားထုတ်လုပ်မှု ပိုလျှော့လာရင်တော့ တစ်ရက် ၈ နာရီကျော်မီးပိုပြတ်နိုင်ပါတယ်”ဟု လျှပ်စစ်ဝန်ကြီးဌာန သတင်းရင်းမြစ်က ဆိုသည်။
မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စက်ရုံကြီးများဖြစ်သည့် လောပိတဘီလူးချောင်း၊ ရဲရွာ၊ ပေါင်းလောင်း အပါအဝင် ရေအားလျှပ်စစ်ထုတ်စက်ရုံ ၉ ခုမှာ ရေကြီးရေလျှံမှုနှင့် သဘာ၀ဘေးအန္တရာယ်များကြောင့် အကြီးစားပြင်ဆင်ရန် လိုအပ်နေကြောင်း၊ ပြင်ဆင်ရန်မှာလည်း စက်ရုံကို တည်ဆောက်ပေးခဲ့ကြသည့် မူလကုမ္ပဏီများက လာရောက် ပြင်ဆင်ရေး ညှိနှိုင်းမှုများစွာ လုပ်ဆောင်နေရသဖြင့် အချိန်ကြာမြင့်မည့် အခြေအနေရှိနေကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စက်မှုဇုန်များတွင်လည်း တစ်ရက်လျှင် လျှပ်စစ်မီး ၄ နာရီသာ ပေးနိုင်ပြီး အများစုသော စက်ရုံ အလုပ်ရုံများမှာ တွက်ခြေ မကိုက်တော့၍ လုပ်ငန်းများ ယာယီ ရပ်နားထားရကြောင်း သိရှိရသည်။
ဓာတ်ပုံ – လျှပ်စစ်မီးများ ပြတ်တောက်နေသည့် ရန်ကုန်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar