27 C
Yangon

ထိုင်းတွင် မလေးရှားသို့ တရားမဝင်သွားရောက်ကြမည့် ကလေးငယ်များ အပါအဝင် မြန်မာ ၉ ဦးကို ပွဲစားက တောထဲ စွန့်ပစ်ထား

Must read

ထိုင်းတွင် မလေးရှားသို့ တရားမဝင်သွားရောက်ကြမည့် ကလေးငယ်များ အပါအဝင် မြန်မာ ၉ ဦးကို ပွဲစားက တောထဲ စွန့်ပစ်ထား

ရန်ကုန်| နိုဝင်ဘာ ၆

မလေးရှားနိုင်ငံသို့ တရားမဝင် ပို့ဆောင်မည် ကလေးငယ်များ အပါအဝင် မြန်မာနိုင်ငံသား ၉ဦးကို ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်တွင် ပွဲစားများက စွန့်ပစ်ခဲ့ကြောင်း ထိုင်းအခြေစိုက် Khaosod သတင်းဌာနက သတင်း ဖော်ပြသည်။

နိုဝင်ဘာလ ၅ ရက်နေ့ မြန်မာနိုင်ငံသား ၉ဦးမှာ ရနောင်းခရိုင်၊ ကပွေးမြို့နယ်၊ ဘန့်နားအုပ်စု ဘန့်ထောင်းလန်ကျေးရွာအနီး၊ တောထဲတွင် လုံခြုံရေးအခြေအနေကြောင့် ရှေ့ဆက်မသွားနိုင်ဘဲ ပွဲစားများက စွန့်ပစ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ကျေးရွာသားများ၏ သတင်းပေးလာမှုကြောင့် သက်ဆိုင်ရာ နယ်မြေခံရဲ၊ ရွာသူကြီး၊ ကျေးရွာလုံခြုံရေးတပ်ဖွဲ့များနှင့် အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောသည်။

ယင်းအထဲမှာ အမျိုးသား တစ်ဦး၊ အမျိုးသမီး ၅ ဦးနှင့် အသက် ၂ နှစ်မှ ၆ နှစ်ရွယ် ကလေး ၄ ယောက် ပါဝင်ပြီး ၎င်းတို့အားလုံးမှာ ပင်ပန်းနွမ်းနယ်နေကြကာ ကလေးငယ်များကမူ ဆာလောင်မှုကြောင့် ငိုကြွေးနေကြသည်ဟု ဆိုသည်။

“တောင်ခြေတောထဲမှာ ကလေးတွေပါတဲ့လူလာကြတာတွေ့တယ်။ ခြေလျင်လျှောက်လာကြတယ်၊ သူတို့ကို ကြည့်ရတာ ဒေသထဲကလူတွေ မဟုတ်ထင်တယ်။ ပုံစံက မသင်္ကာဖွယ်ရှိတယ်လို့ ရွာသားတွေက သက်ဆိုင်ရာကို သတင်းပေးလာကြတယ်။ အဲ့ဒါကြောင့် သွားရောက်ပြီးတော့ စစ်ဆေးခဲ့တာပါ “ဟု ထိုင်းစစ်တပ်မှ တာဝန်ရှိသူက က ပြောဆိုသည်။

ဒေသခံများ၏ သတင်းပေးချက်အရ သက်ဆိုင်ရာက အဆိုပါ နေရာများသို့ လူစုခွဲပြီး လိုက်ရှာကြရာမှာ ကလေးငိုသံနှင့် အတူ ဝါးရုံတောနောက်မှာ ပုန်းနေသော မြန်မာနိုင်ငံသားများကို တွေ့ရှိရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

“မလေးရှားနိုင်ငံက အမျိုးတွေဆီသွားမလို့ ပွဲစားအဆက်အသွယ်နဲ့ လာတယ်။ လှေနဲ့ ရနောင်းဘက်ကမ်းကို ကူးလာတယ်။ ရနောင်း ရောက်တော့ ပွဲစားက ကားနဲ့လာခေါ်တာပါ။ ဒါပေမဲ့ သူတို့ကို တောင်ခြေက တောထဲမှာ ချထားခဲ့ပြီး ကားပြန်ထွက်သွားတယ်။ တောထဲမှာ ယောင်လည်လည်ဖြစ်နေတုန်း သက်ဆိုင်ရာနဲ့ တွေ့တာ”ဟု ၎င်းက ဆိုသည်။

ယခုရက်ပိုင်းအတွင်း ရနောင်းခရိုင်၊ ကပွေးမြို့နယ်အတွင်း ထိုင်းအာဏာပိုင်များက လုံခြုံရေးအထပ်ထပ် ချထားမှုကြောင့် ပွဲစားများက ရှေ့ဆက်မသွားနိုင်တော့ဘဲ လမ်းခရီးလပ်ခုလပ်တွင် ချထားခြင်း ဖြစ်ကြောင်း ယင်းသတင်းဌာန က ရေးသားထားသည်။

Khaosod သတင်း၏ ဖော်ပြချက်တွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအားလုံးသည် ပွဲစားကို ငွေမချေရသေးဘဲ မလေးရှားရောက်မှာ ဆွေမျိုးက အပြီးအစီး‌ ငွေချေပေးမည် ဖြစ်ကြောင်း ဘာသာပြန်မှ တစ်ဆင့် ပြောဆိုခဲ့သည်ဟု ဆိုသည်။

စွန့်ပစ်ခံရသည့် မြန်မာနိုင်ငံသားများကို တာဝန်ရှိသူများ က အစာရေစာနှင့် ရှေးဦးသူနာပြုစုပေးပြီး အားလုံးကို တရားမဝင် ဝင်ရောက်မှုနှင့် အရေးယူရန် ကပွေးမြို့နယ်ရဲစခန်းတွင် ဆက်လက် ထိန်းသိမ်းထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article