မူဆယ်၊ တရုတ်-မြန်မာနယ်စပ် ဆင်ဖြူဂိတ်တွင် ကုန်စည်သယ်ယူပို့ဆောင်မှုများ အားလုံးကို တရုတ်က ပိတ်ပင်ပြီး မန်ဝိန်းပေါက် ကုန်စည်သယ်ယူပို့ဆောင်ရေးဂိတ်ကိုမူ စစ်ကောင်စီက ပိတ်ထားသဖြင့် ကုန်သည်များအားလုံး အခက်ကြုံနေ
ရန်ကုန်၊ နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ တရုတ်-မြန်မာနယ်စပ်ဂိတ်ဖြစ်သော ဆင်ဖြူဂိတ်မှတစ်ဆင့် ကုန်သယ်ယူမှုများ အားလုံးကို တရုတ်က ယနေ့မှ စတင်ပိတ်ပင်လိုက်ပြီး အခြားနယ်စပ်ဂိတ်ပေါက်ဖြစ်သော မန်ဝိန်းပေါက်ဂိတ်ကိုမူ စစ်ကောင်စီက ပိတ်ထားသဖြင့် ကုန်သည်များအားလုံး အခက်ကြုံနေရကြောင်း မူဆယ်ဒေသမှ ကုန်သည်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်ပြီး တရုတ်နိုင်ငံက လုပ်ငန်းသုံးမဟုတ်သော သယ်ယူပို့ဆောင်ရေးယာဉ်များဖြစ်သည့် ခရီးသည်တင်ကား၊ သုံးဘီးဆိုင်ကယ်၊ လက်တွန်းလှည်း စသည် ယာဉ်များဖြင့် ကုန်ပစ္စည်းများကို ကုန်စည်ဖြတ်သန်းသွားလာခွင့်မပြုသော လမ်းကြောင်းများမှတစ်ဆင့် နိုင်ငံတွင်းသို့ သယ်ဆောင်ခွင့်မပြုကြောင်း၊ ကြယ်ဂေါင်မှ ပြည်ဝင်ပြည်ထွက်ကုန်များအားလုံးသည် ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းမှတစ်ဆင့် ဝင်ထွက်ရမည်ဖြစ်ကြောင်း၊ အဆိုပါ ကြေညာချက်သည် နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီမှစတင်၍ အကျုံးဝင်ကြောင်း တရုတ်နိုင်ငံက နိုဝင်ဘာလ ၉ ရက်နေ့တွင် ကြေညာခဲ့သည်။
“မူဆယ်မှာ ဆင်ဖြူဂိတ်ပေါက်က ကုန်စည်သယ်ရမယ့် ဂိတ်ပေါက်မဟုတ်ဘူး။ အရင်ကတော့ နားလည်မှုနဲ့ သုံးဘီဆိုင်ကယ်တွေ လှည်းတွေနဲ့ ကုန်စည်တွေ သယ်ကြတာ။ ဒီမနက် ၈ နာရီမှာတော့ တရုတ်ဘက်ကနေ ဘာမှ ပေးမသယ်တော့ဘူး။ ကုန်စည်သယ်ပို့ဆောင်ရေးဂိတ်ဖြစ်တဲ့ မန်းဝိန်းပေါက်ဂိတ်ကိုလည်း မြန်မာစစ်တပ်က ပိတ်ထားတယ်။ တရုတ်က ဆင်ဖြူဂိတ်ကို ကုန်စည်သယ်ခွင့်မပေးဘဲ လူဝင်ထွက်ခွင့်ပေးတယ်။ မြန်မာစစ်တပ်က မန်းဝိန်း ကုန်စည်သယ်ယူရေးဂိတ်ကို ပိတ်ထားတယ်။ ကုန်စည်တွေဘယ်နေရာကမှ သယ်မရဘူး။ အခုတော့ ကုန်သည်တွေလည်း စိတ်ပျက်လက်ပျက် စိတ်လျှော့လိုက်ရပြီ” ဟု မူဆယ်မှ နယ်စပ်ကုန်သည်တစ်ဦးက ဆိုသည်။
လက်ရှိတွင် မူဆယ်မြို့နယ် နယ်စပ်ကုန်သွယ်ရေးဂိတ်များအားလုံးတွင် စစ်တပ်နှင့် တရုတ်နိုင်ငံက ပိတ်ဆို့မှုများကြောင့် ကုန်စည်အဝင်အထွက် လုပ်မရတော့ကြောင်း၊ လူအဝင်အထွက်ကိုလည်း အထူးစိစစ်ခွင့်ပြုနေကြောင်း ကုန်သည်များက ဆိုကြသည်။
အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံအားပေးနေသော တရုတ်နိုင်ငံက KIA နယ်မြေအတွင်းရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်များ၊ TNLA နှင့် MNDAA အပါအဝင် မြောက်ပိုင်းမဟာမိတ်တပ်များ သိမ်းပိုက်ထားသော နယ်မြေများမှ တရုတ်-မြန်မာနယ်စပ်ဂိတ်များကို ပစ္စည်းအဝင်အထွက်ခွင့်မပြုဘဲ တစ်ဖက်သတ် ပိတ်ပင်ခြင်းဖြင့် တိုက်ပွဲများ ရပ်ရန် ဖိအားပေးမှုများ လုပ်ဆောင်လာနေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း မူဆယ်ရှိ တရုတ်-မြန်မာ နယ်စပ် ဆင်ဖြူဂိတ်တွင် ကုန်စည်သယ်ယူပို့ဆောင်မှုအားလုံးကို တရုတ်က ပိတ်ပင်ထားစဉ်။