Breaking News- မိုးမောက်မြို့နယ်တွင် စစ်ဘေးရှောင်များ နေထိုင်သော ခရစ်ယာန် ဘုရားကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေး ၇ ဦး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံး
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ခရစ်ယာန် ဘုရားကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခြင်းကြောင့် ကလေးငယ် ၇ ဦး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးပြီ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မိုးမောက်မြို့နယ်၊ ကုန်းလောရွာရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ခရစ်ယာန် ဘုရားကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၇ ဦး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဒီနေ့ ညနေ ၄ နာရီမှာ မိုးမောက်မြို့နယ်၊ ကုန်းလောရွာက နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းဝင်းမှာနေတဲ့ စစ်ရှောင် ဒုက္ခသည်စခန်းကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၁ စီးနဲ့ ဗုံး ၂ လုံး ကျဲချခဲ့တာ စစ်ရှောင် ကလေးငယ် ၇ ဦး အပါအဝင် ပြည်သူ ၁၀ ဦးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရရှိသူ များပြားတယ်။ အခုစာရင်းအရဆို ဒဏ်ရာရရှိသူ ၃၀ ကျော်ရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
KIA သတင်းရင်းမြစ်ကလည်း မိုးမောက်တွင် ကလေးငယ်များ အပါအဝင် ပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွားစေခဲ့သော စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲသတ်ဖြတ်မှုကို အတည်ပြုပြီး ဒဏ်ရာရရှိသူများတွင်လည်း အသက်အန္တရာယ် အခြေအနေ စိုးရိမ်ရသည့် လူနာများ ပါဝင်ကြောင်း၊ ထို့ကြောင့် သေဆုံးသူ အရေအတွက် တိုးလာနိုင်ကြောင်း ပြောဆိုသည်။
“မိုးမောက်မှာက စစ်တပ်က ဒရုန်းကြီးတွေ အတော်သုံးတယ်။ ဒရုန်းတွေက ၁၂၀ မမ လို လက်နက်ကြီးတွေကို သယ်နိုင်တဲ့ ဒရုန်းကြီးတွေကို သုံးနေတာဖြစ်ပါတယ်” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။