မင်းတပ်မြို့ကို စစ်တပ်က ၂ ရက်ဆက်တိုက် လေယာဉ်ဖြင့် cluster bomb များအပါအဝင် ဗုံးသီး ၂၀၀ ကျော် ကျဲချ တိုက်ခိုက်၊ တောင်ပုလု ဘုန်းကြီးကျောင်းနှင့် ခလရ ၂၇၄ တပ်ရင်းတို့ မီးလောင်နေ
ရန်ကုန်၊ နိုဝင်ဘာ ၂၃
ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် လေယာဉ်ဖြင့် cluster bomb များ အပါအဝင် ဗုံးသီး ၂၀၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ပြီး တောင်ပုလု ဘုန်းကြီးကျောင်းနှင့် ခလရ ၂၇၄ တပ်ရင်းတို့ မီးလောင်နေကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုယောမာန်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်လာလ ၂၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က မင်းတပ်မြို့ပေါ်ကို ဂျက်ဖိုတာဖြင့် ၂၆ ကြိမ် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး cluster bomb များအပါအဝင် ဗုံးသီး ၆၀ ကျော်ကျဲခဲ့ကြောင်း၊ ထို့ပြင် Y-12 လေယာဉ်ဖြင့်လည်း ၂ ကြိမ် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ဗုံးသီး ၁၀၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“မင်းတပ်မြို့ကို cluster bomb ကျဲတာ ဟိုးအရင်တည်းကပါပဲ။ ပြီးခဲ့တဲ့ တစ်ပတ်ကကော ပြီးခဲ့ရက်တွေကော cluster bomb တောက်လျောက်ကျဲတာပါ။ မနေ့ကတည်းမှ မဟုတ်ပါဘူး။ မနေ့က ၂၂ ရက်ကတော့ မနက် ၂ နာရီခွဲ ဝန်းကျင်လောက်ကနေ စပြီးတော့မှ ညပိုင်းအထိကို ဖိုက်တာဂျက်က လာကျဲတာ စုစုပေါင်း ၂၆ ကြိမ်ရှိတယ်။ Y-12 က ၂ ကြိမ်လာတယ်။ Y-12 က တစ်ခါကျဲရင် ဗုံးသီး အလုံး ၈၀ ဝန်းကျင်လောက်ကျဲချတယ်။ Y-12 ကျဲတာက အကြိမ် ၁၀၀ ကျော်တယ်။ ဖိုက်တာနဲ့ ကျဲတာလည်း ဗုံးသီး အလုံး ၆၀ လောက်ရှိမယ်။ အဲလိုကျဲချတဲ့ အချိန်မှာ cluster bomb တွေ ပါပါတယ်။ cluster bomb တွေက ပြီးခဲ့တစ်ပတ်တွေတည်းက တခြားရက်နေတွေက တောက်လျောက်ကျဲပါတယ်။ မနေ့ကကျဲတဲ့ cluster bomb ကတော့ တခြားနေ့က ကျဲတဲ့ cluster bomb နဲ့မတူဘူးပေါ့” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုယောမာန်က ပြောဆိုသည်။
ယနေ့ မွန်းလွဲပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်က မင်းတပ်မြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများရှိသော နေရာများကို လေယာဉ်ဖြင့် ရိက္ခာများ ကျဲချ ပို့ဆောင်နေပြီး လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း မြေပြင် ထိတွေ့တိုက်ပွဲများကြောင့် တောင်ပုလုဘုန်းကြီးကျောင်းနှင့် ခလရ ၂၇၄ တပ်ရင်းတွင် မီးလောင်နေကြောင်း သိရသည်။
“တောင်ပုလုဘုန်းကြီးကျောင်းက ခလရ ၂၇၄ နဲ့ ကပ်နေတာကို သူတို့က ခြံစည်းရိုး တစ်ခုပဲ ခြားတာကို ဒီနေ့မနက်လည်း လေယာဉ်နဲ့ဝဲပြီးတော့ ရိက္ခာတွေ ချပေးတယ်ပေါ့လေ သူတို့ဘက်ရောက်တာ ကျွန်တော်တို့ဘက်ရတာတွေလည်း ရှိတာပေါ့။ အရင်တုန်းက ရိက္ခာတွေ ချပေးလိုက်ရင်လည်း အဲလိုပါပဲ ရိက္ခာပို့တဲ့ နေရာကို မကျဘဲ သူတို့ရတာ ကျွန်တော်တို့ရတာ ရှိတယ်။ မီးတောက်နေတာကတော့ တိုက်ပွဲကြောင့် မီးတောက်နေတာပါပဲ တောင်ပုလုကျောင်းထဲမှာကော ၂၇၄ ထဲမှာကော မီးလောင်နေတာတွေရှိတယ်။ လက်နက်ကြီးကျလို့ မီးလောင်သွားတာတချို့လဲရှိပါတယ်” ဟု ကိုယောမာန်က ဆက်လက် ပြောဆိုသည်။
လက်ရှိချိန်တွင် မင်းတပ်မြို့ပေါ်ရှိ နေအိမ်အများအပြားသည် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ထိခိုက်ပျက်စီးမှုများပြားပြီး ပျက်စီးဆုံးရှုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
Photo- CJ