ထိုင်းနိုင်ငံ ၊မယ်ဆိုင်တွင်ဖြစ်ပေါ်ခဲ့သော ရေကြီးမှုနှင့် နုန်းမြေများ တင်ကျန်မှု ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ရွှေနှင့် သတ္တုတူးဖော်မှုများကြောင့်ဟု ထိုင်းအစိုးရက အစီရင်ခံစာထုတ်ပြန်
ရန်ကုန်၊ နိုဝင်ဘာ ၂၇
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မယ်ဆိုင်မြို့မြောက်ပိုင်း နယ်စပ်ဒေသတစ်လျှောက် ရေကြီး ရေလျှံမှုများအတွင်း နုန်းမြေအများအပြား တင်ကျန်မှုနှင့် မြေပြိုမှု ဖြစ်စဉ်များသည် ရှမ်းပြည် မိုင်းဆတ်မြို့ အရှေ့ပိုင်းရှိ ရွှေတူးဖော်ထုတ်လုပ်မှုများကြောင့်ဖြစ်ကြောင်း ထိုင်းအစိုးရ၏ ထုတ်ပြန် အစီရင်ခံဖော်ပြချက်ကို ကိုးကား၍ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က သတင်းထုတ်ပြန်သည်။
ထိုင်းနိုင်ငံ သဘာဝ အရင်းအမြစ်ဌာန၏ ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း လေ့လာမှုအရ မယ်ဆိုင်မြို့ မြောက်ပိုင်း နယ်စပ်ဒေသတစ်လျှောက် ရေကြီး ရေလျှံမှုအတွင်း နုန်းမြေအမြောက်အမြား တင်ကျန်မှုနှင့် မြေပြိုမှုဖြစ်စဉ်များသည် မိုင်းဆတ်မြို့ အရှေ့ပိုင်းရှိ ရွှေတူးဖော်ထုတ်လုပ်မှုများကြောင့်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ၊ မယ်ဆိုင်မြစ်သည် ရှမ်းပြည်နယ် အရှေ့ဘက်ရှိ မဲခေါင်မြစ်လက်တက်တစ်ခုဖြစ်ပြီး သတ္တုတူးဖော်မှုများ အကျိုးဆက်ကို အများအပြားခံစားရသည့် မြစ်တစ်စင်းဖြစ်ကြောင်း၊ သတ္တုတွင်းမှ စွန့်ပစ်ပစ္စည်းများ မြစ်အတွင်းသို့ စီးဝင်သည့်အတွက် မြစ်ရေညစ်ညမ်းစေသည့်အပြင် ပတ်ဝန်းကျင်အနီး နေထိုင်သူများအပါအဝင် ထိုင်းနိုင်ငံ နေထိုင်သူများကိုပါ ကျန်းမာရေးအကျိုးသက်ရောက်မှုများ ဖြစ်ပေါ်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောဆိုသည်။
“လက်ရှိ ဒီလိုမျိုး ရေကြီးမှု နုန်းတင်မြေကျန်မှုဆိုတာက ရွှေတူးဖော်မှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် ကနဦးအခြေအနေပဲ ရှိသေးတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီးဆိုလာနိုင်တယ်။ ဒါတွေ တူးတာတွေ မရပ်ဘူး၊ ရှေ့ဆက်ပြီး ရေရှည်တူးနေမယ့်အခါကျရင် မြေပြိုတာတွေအထိ ဖြစ်လာနိုင်တယ်။ ရေအဆိပ်သင့်မှု ကျန်းမာရေးထိခိုက်မှုတွေ အမျိုးစုံကြုံရမယ်။ အဲဒီထက်ပိုဆိုးတာက ဒီရွှေတူးဖော်မှုကနေ ထွက်လာတဲ့ ရေတွေ အကုန်လုံးသည် မဲခေါင်မြစ်ထဲကို စီးဝင်တယ်။ မဲခေါင်မြစ်က နိုင်ငံတကာမြစ်လို့ ပြောလို့ရတယ်။ အများပြည်သူ အများကြီးသုံးတယ်။ အဲဒီအခါကျရင် ဒီအဆိပ်သင့်ရေတွေက မဲခေါင်မြစ်ထဲ ရောက်သွားမယ်ဆိုရင် ဒုက္ခရောက်မှာ ထိုင်း မြန်မာ နှစ်နိုင်ငံထဲ မဟုတ်တော့ဘူး။ မဲခေါင်မြစ်အောက်မှာ ရှိနေတဲ့ နိုင်ငံတကာအထိပါ ရောက်သွားမယ်။ ထိခိုက်သွားနိုင်မယ်လို့ ကျွန်မအနေနဲ့ ဖြည့်စွက်ပြီး ပြောချင်ပါတယ်ရှင့်” ဟု ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ မယိင်းလျန်းဟန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ယခင်ကလည်း ထိုင်း မြန်မာ နယ်စပ်မြို့များဖြစ်သည့် မယ်ဆိုင်မြို့နှင့် တာချီလိတ်မြို့များတွင် ရေကြီး ရေလျှံမှုများ မကြာခဏဖြစ်ပေါ်ခဲ့သော်လည်း နုန်းမြေပါဝင်မှုမှာ ယခုနှစ် ရေကြီးမှုတွင် နုန်းပါဝင်မှုလောက် မများခဲ့ကြောင်း၊ ယခုနှစ် နုန်းပါဝင်မှုမှာ အများဆုံးဖြစ်ခဲ့ပြီး အဆိုပါ နုန်းများကို ပြန်လည်ဖယ်ရှားရန် ခက်ခဲခဲ့ပြီး ကုန်ကျစရိတ်လည်း အများဆုံး ဖြစ်ကြောင်းေ ထို့ပြင် မယ်ဆိုင်မြစ်၏ ရေကြောင်းတစ်လျှောက် မျှောပါလာသည့် နုန်းများတွင် အာဆင်းနစ်၊ နီကယ်နှင့် ဇင့် ပါဝင်မှုမှာ သတ်မှတ်ထားသည့် ပမာဏထက် ၁၈ ဆ ပိုများနေပြီး နုန်းများ အဓိကဖြစ်ပေါ်စေသည့် အချက်မှာ မိုင်းဆတ်မြို့ အရှေ့ပိုင်း မယ်ဆိုင်မြစ်တစ်လျှောက် ရွှေတူးဖော်ထုတ်လုပ်မှုများကြောင့် ဖြစ်သည်ဟု ထိုင်းအစိုးရ၏ လေ့လာမှုကို ကိုးကား၍ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ကဆိုသည်။
မိုင်းဆတ်မြို့ အရှေ့ပိုင်း UWSA (ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်) လက်အောက်ခံ ဒေသများဖြစ်သည့် မိုင်းကန်း၊ နားယောင်း အနီးတစ်ဝိုက်နှင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရွာများဖြစ်သည့် မယ်ကြုတ်ရွာတို့တွင် ၂၀၂၂ ခုနှစ်မှ စတင်၍ ရွှေတူးဖော်ထုတ်လုပ်မှုများ ပိုမိုများပြားလာခဲ့ကြောင်း၊ ထိုသို့ များပြားလာသည့်အတွက် မြစ်ဘေးရှိ တောင်၏ အချို့အစိတ်အပိုင်းအချို့မှာ တိုက်စားခံရကာ ခဲဓာတ်များသည့် ကန်များအဖြစ်ပြောင်းလဲသွားကြောင်း၊ အဆိုပါ ကန်များတွင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆိုင်ယာနိုက်ကဲ့သို့ အဆိပ်ရှိ ဓာတုပစ္စည်များ ပါဝင်နေကြောင်း သိရှိရသည်။
UWSA သည် မိုင်းကန်းနှင့် နားယန်းဒေသတစ်ဝိုက် မယ်ဆိုင်မြစ်တစ်လျှောက်တွင် နိုင်ငံခြားတင်ပို့နိုင်သည့် ရော်ဘာထုတ်လုပ်မှုများကို အဓိက ဆောင်ရွက်ခဲ့ပြီး UWSA က ၁၉၉၉ – ၂၀၀၁ ခုနှစ်အတွင်း ရှမ်းပြည်အရှေ့မြောက်ပိုင်းဒေသမှ “ဝ” ရွာသား ၂၉,၀၀၀ခန့်ကို အတင်း အဓမ္မ ရွှေ့ပြောင်းစေကာ နမ့်ခုတ်မြစ်တစ်ကြောရှိ တောင်ကုန်းများပေါ်တွင် ရာဘာစိုက်ပျိုးမှုတစ်ခုတည်းကိုသာ အကြီးအကျယ် ပြုလုပ်မှုကြောင့် မိုင်းယွမ်း ဒေသ၏ဂေဟစနစ်မှာ လွန်ခဲ့သောနှစ်နှစ်ဆယ်မှစတင်ကာ အကြီးအ ကျယ် ပြောင်းလဲလာခဲ့ကြောင်း၊ မယ်ကြုတ်ဒေသတွင်မူ ၂၀၂၁ ခုနှစ် နှောင်းပိုင်းမှစကာ ရွှေတူးဖော်မှုများ စတင်ခဲ့ကာ ထိုင်းမြန်မာနယ်စပ်အနီးတွင် စီးဆင်းလျက်ရှိသည့် ချောင်းများမှ တစ်ဆင့် မိုင်းကန်းအထက်ပိုင်း မယ်ဆိုင်မြစ်အတွင်း စွန့်ပစ်ပစ္စည်းအများအပြား စီးဝင်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ သတ္တုတူးဖော်မှုများ၏ အကျိုးဆက်ကို ခံစားရသည်မှာ မယ်ဆိုင်မြစ်တစ်ခုတည်း မဟုတ်ဘဲ အခြားမြစ်များဖြစ်သည့် နမ့်ခုတ်မြစ်၊ နမ့်လင်းမြစ်တို့သည်လည်း ကျောက်မီးသွေးနှင့် ရွှေထုတ်လုပ်မှုများ၏ အကျိုးဆက်ကို ခံစားနေရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထောက်ပြထားသည်။
ထို့ပြင် နမ့်ခုတ်မြစ်တစ်လျှောက် သတ္တုတူးဖော်မှုများတွင် ထိုင်းနိုင်ငံ Sahakol Company က မြန်မာစစ်တပ်စီးပွားရေးကော်ပိုရေးရှင်းဖြစ်သော Golden Lake company နှင့် ပူးပေါင်းပြီး နမ့်ခုတ် မြစ်အနီး မိုင်းခုတ်ဒေသတွင် ၂၀၁၉ ခုနှစ်မှစတင်ကာ နှစ် ၂၀ တူးဖော်ခွင့်ဖြင့် စတင်တူး ဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းအရ မိုင်းခုတ်ဒေသတစ်လျှောက်ရှိ ကျေးရွာပေါင်း ၉ ခုရှိသည့်အနက် ၈ ရွာကို ရွှေ့ပြောင်းစေခဲ့ပြီး ကျောက်မီးသွေးဓာတ်ပေါင်းဖိုများတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကိုဗစ်ကာလတွင်း သတ္တုတူးဖော်ရေးလုပ်ငန်းများ ရပ်နားထားသော်လည်း သတ္တုတူးဖော်ရေးစစ်ပစ္စည်းများနှင့် ပိုက်လိုင်းများ ဆက်လက်ထား ရှိနေသေးသည့် အတွက် လေထုအတွင်း အလိုအလျောက် လောင်ကျွမ်းမှုများ ဆက်လက်ဖြစ်ပေါပြီး ပိုက်လိုင်းများမှ စီးဆင်းလားသော အ ညစ်အကြေးများကြောင့်လည်း နမ့်ခုတ်မြစ်ရေမှာ ညစ်ညမ်းမှုများဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် ရပ်နားထားသော သတ္တုတူးဖော်ရေး လုပ်ငန်းများ မည်သည့်အချိန်တွင်ပြန်လည်စတင်သည်ဖြစ်စေ နမ့်ခုတ်မြစ်ရေ၏ အရည်အသွေးကို များစွာ ထိခိုက်နိုင်သည့်အခြေအနေတွင် ကျရောက်လျက်ရှိကြောင်း သိရှိရသည်။
အလားတူ နမ့်ခုတ်မြစ်အထက်ပိုင်း၊ မိုင်းဆတ်မြို့တောင်ဘက်တွင်လည်း ၂၀၂၃ ခုနှစ်မှစ၍ တရုတ် ကုမ္ပဏီ ၇ ခုမှ UWSA (ဝပြည် သွေးစည်း ညီညွတ်ရေးတပ်မတော်) နှင့် ချိတ်ဆက်ကာ ရွှေတူးဖော်မှုများ ဆက်လက် လုပ်ဆောင်ခဲ့သောကြောင့် အဆိပ် အတောက်နှင့် စွန့်ပစ်ပစ္စည်းများမှာ ထိုင်းနိုင်ငံနယ်စပ် မီတာ ၃၀ အကွာ အထိ မြစ်များအတွင်းသို့ စီးဆင်းလျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင်လည်း ထိုင်းနိုင်ငံနယ်စပ် ၃ ကီလိုမီတာ အကွာရှိ နမ့်ခုတ်မြစ် တစ်လျှောက်၌ ရှိသော မိုင်းယွမ်း ဒေသအတွင်းရှိ ပိန်းခမ်း (ရှမ်းရွာ) တွင်နုံးတင်ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး အဆိုပါ ဖြစ်စဉ်မှာ မြစ် အထက်ပိုင်းရှိ ရွှေ တွင်း အသစ်များကြောင့်ဟု ယူဆရကြောင်း၊ ထိုင်းနိုင်ငံနယ်၊ ချင်းမိုင်မြောက်ပိုင်း၊ နမ့်ခုတ် မြစ်တစ်လျှောက်၌ရှိသော တာတွန်းရွာနှင့် အခြားရွာများတွင်လည်း ဆိုးရွားသည့် နုန်းတင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ထိုင်းနိုင်ငံ၊ မယ်ဆိုင်တွင် ယခုနှစ် ရေကြီးမှုနှင့် ရေကြီးပြီးနောက် နုန်းမြေများ တင်ကျန်နေစဉ်။