23 C
Yangon

ညောင်တုန်းမြို့နယ်၊ ဇီးဖြူကျွန်းကျေးရွာတွင် အုပ်ချုပ်ရေးမှူး နိုင်ဝင်းက စစ်မှုမထမ်းလို၍ ငွေပေးထားသည့် လူငယ်များကို ဖမ်းဆီးပြီး ဓနုဖြူ ခမရ ၁၀၈ တပ်ရင်းသို့ အတင်းအကျပ် ပို့ဆောင်

Must read

ညောင်တုန်းမြို့နယ်၊ ဇီးဖြူကျွန်းကျေးရွာတွင် အုပ်ချုပ်ရေးမှူး နိုင်ဝင်းက စစ်မှုမထမ်းလို၍ ငွေပေးထားသည့် လူငယ်များကို ဖမ်းဆီးပြီး ဓနုဖြူ ခမရ ၁၀၈ တပ်ရင်းသို့ အတင်းအကျပ် ပို့ဆောင်

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ဇီးဖြူကျွန်းကျေးရွာတွင် အုပ်ချုပ်ရေးမှူး နိုင်ဝင်းက စစ်မှုမထမ်းလို၍ ငွေပေးထားသည့် လူငယ်များကို ဖမ်းဆီးပြီး ဓနုဖြူ ခမရ ၁၀၈ တပ်ရင်းသို့ အတင်းအကျပ် ပို့ဆောင်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ညောင်တုန်းမြို့နယ်၊ ဇီးဖြူကျွန်းကျေးရွာတွင် အုပ်ချုပ်ရေးမှူး နိုင်ဝင်းနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင် ဝင်းဌေး၊ မျိူးလွင်၊ စိုးမင်းသန်းတို့က စစ်မှုမထမ်းလိုလျှင် ငွေပေးရမည်ဟုဆိုကာ လူငယ်ရှိသော နေအိမ်များမှ တစ်အိမ်ထောင်လျှင် ငွေကျပ် ၃ သောင်းတောင်းခံကြောင်း၊ လူငယ် ၂ ဦးရှိသော အိမ်ဆိုလျှင် ငွေကျပ် ၆ သောင်း တောင်းခံကြောင်း၊ ယင်းသို့ လစဉ်တောင်းခံခဲ့ပြီးနောက် ယခု စစ်မှုထမ်းအပတ်စဉ် ၇ အတွက် လူလိုသည်ဟုဆိုကာ ငွေပေးထားသော အိမ်ထောင်စုတချို့မှ လူငယ်များကို ဖမ်းဆီးကာ ဓနုဖြူအခြေစိုက် ခမရ ၁၀၈ တပ်ရင်းသို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

“အုပ်ကြီးငွေတောင်းတာကိုလည်း လစဉ် ပုံမှန်ပေးနေတာပဲ။ အဲဒါကို ဒီလ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ အိမ်က သားကို ဖမ်းသွားတယ်။ အိမ်က သားက အသက် ၂၇ နှစ်။ အရက်သောက်တယ်။ ပြန်မလာလို့ စုံစမ်းရာကနေ အုပ်ကြီးက ဖမ်းပြီးတော့ ဓနုဖြူ ၁၀၈ တပ်ထဲ ပို့လိုက်တယ်ဆိုတာ သိရတာ။ လိုက်သွားတော့ တွေ့ခွင့်မရဘူး။ အခုတော့ ဖောင်ကြီး အမှတ် ၁ စစ်အခြေခံလေ့ကျင့်ရေးတပ်ကို အပို့ခံလိုက်ရပြီလို့ သိရတယ်။ သားနဲ့ကတော့ အဆက် အသွယ်မရသေးပါဘူး။ တပ်ထဲမှာ သွားတွေ့ဖို့လုပ်တော့ အုပ်ကြီးထောက်ခံစာနဲ့ ထွေ/အုပ် ထောက်ခံဏာ မပါလို့ဆိုပြီး ပေးမတွေ့ပါဘူး” ဟု ဇီဖြူကျွန်းကျေးရွာမှ ဖမ်းဆီးခံလူငယ်၏ ဆွေမျိုးတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ညောင်တုန်းမြို့နယ်အတွင်း ကျေးရွာများတွင် စစ်မှုထမ်းရန်အတွက် အုပ်ချုပ်ရေးမှူးများက လူငယ်များကို ရွေးချယ် စေလွှတ်ခြင်းများ လုပ်ဆောင်သည့်အပြင် သတ်မှတ် လူဦးရေ မပြည့်မီပါက ၎င်းတို့ စိတ်ကြိုက် လူငယ်များကို နေအိမ်များပေါ် အထိ တက်၍ ဖမ်းဆီးကာ ဓနုဖြူရှိ စစ်သား စုဆောင်းရေးခမရ ၁၀၈ တပ်ထဲသို့ ပို့ဆောင်နေကြောင်း၊ အခြားတစ်ဖက်တွင်လည်း ငွေကြေးများကိုလည်း လစဉ်လတိုင်း အဆက်မပြတ် တောင်းခံလျက်ရှိကြောင်း သိရှိရသည်။

“ငွေတောင်းတော့လည်း ပေးရတာပဲ။ လူလိုတယ်ဆိုပြီးတော့ ရပ်ထဲရွာထဲမှာ တွေ့ရာလူငယ် ဝင်ဖမ်းတော့လည်း ပါသွားရတာပဲ။ အခုကတော့ သူတို့လုပ်ချင်တာ လုပ်ချင်သလို လုပ်နေကြတာ။ ဘယ်သူမှလည်း စောဒက မတက်ရဲ၊ ပြန်မပြောရဲဘူး” ဟု ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာမှ ပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့နယ်အတွင်း ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် အုပ်ချုပ်ရေးအဖွဲ့များသည် စစ်တပ်နှင့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ခိုင်းစေသည့် အတိုင်း တသွေမတိမ်း လိုက်လံလုပ်ဆောင်ကြပြီး သတင်းပေး၊ ပျူစောထီးနှင့် ကြံ့ဖွတ်ပါတီဝင်များ ကြီးစိုးမိုးမှု အလွန်များပြားကြောင်း၊ ညောင်တုန်းမြို့နယ်သည် လစဉ် သတ်မှတ် စစ်မှုထမ်း တပ်သားသစ်အရေအတွက် ရရှိအောင် ရှာပေးနိုင်သည့်အပြင် အခြားမြို့နယ်များမှ လိုအပ်သော တပ်သားသစ်အရေအတွက်လည်း အုပ်ချုပ်ရေးအဖွဲ့များက လူစားထိုး ရှာဖွေပေးမှုများလည်း ရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်မှုထမ်းရန် အတင်းအကျပ် အဓမ္မ စုဆောင်းခံရသော နိုင်ငံတစ်ဝန်းမှ လူငယ်များ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article