“မင်းအောင်လှိုင်က ကမ္ဘာ့ချဉ်ဖတ်။ ဝရမ်းပြေး ဘဝနဲ့တော့ နိုင်ငံကို အုပ်ချုပ်လို့ ရမှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ ဒီ ဝရမ်းပြေးဘဝနဲ့ နိုင်ငံတွင်းမှာ နေလို့ရတယ်။ အာဏာကို ဆက်ပြီး ကိုင်ထားဖို့ တော်တော်လေးကို ခဲယဉ်းတယ်”
Free Rohingya Coalition ၏ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်နှင့်တွေ့ဆုံခြင်း
By ရန်ကုန်ခေတ်သစ်
ရခိုင်ပြည်မှ ရိုဟင်ဂျာတွေနဲ့ပတ်သက်၍ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားတာကြောင့် မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ပေးဖို့ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)ရဲ့ ရှေ့နေချုပ် Karim A.A. Khan KC က ICC တရား ရုံးမှာ နိုဝင်ဘာလ ၂၇ ရက်နေ့ လျှောက်ထားလိုက်ပါတယ်။ အဲဒီလို ICC က ဖမ်း၀ရမ်းထုတ်မယ့် အာရှမှ စစ်ခေါင်းဆောင်တစ်ဦးဖြစ်လာမယ့် မင်းအောင်လှိုင်အတွက် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေနဲ့ပတ်သက်၍ Free Rohingya Coalition ရဲ့ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ ICC မှာ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ်က လျှောက်ထားမှုရှိလာတော့ အဲဒီအခြေအနေကို အတိုချုံး ပြန်ပြောပြလို့ရမလား။
ဖြေ။ ။ ဟုတ်ကဲ့ခင်ဗျာ။ ဒီအမှုကို လွန်ခဲ့တဲ့ ရှေ့နေချုပ်ကတော့ သူ့ရဲ့ အလှည့် ပြီးသွားလို့ အငြိမ်းစားယူသွားပြီ။ သူကနေ စတင်ပြီးတော့ ၂၀၁၉ နိုဝင်ဘာ ၁၄ ရက်နေ့မှာ စတင်ခဲ့တယ်။ အခုဆိုရင် ၅ နှစ်ကျော်ပြီ။ အခုဆိုရင် ပထမဆုံးရင်ဆိုင်ရတာ ၂ ခု။ တစ်ခုကတော့ မြန်မာနိုင်ငံက Rome Statute
စာချုပ်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံမဟုတ်ဘူး။
နောက်တစ်ခုကတော့ မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာတွေ ကြုံတွေ့နေရတဲ့ အခြေအနေကို ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီကနေ ICC ကို လွှဲပြောင်းပေးတာ မရှိဘူး။ ဒီအခြေအနေ ၂ ခုကြောင့် မြန်မာနိုင်ငံရဲ့ ကိစ္စက စစ်တပ်ကနေပြီးတော့ ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှုပေါင်းစုံကျူးလွန်တယ်။ Rome Statute
အရ ICC မှာ အရေးယူလို့ မရတဲ့ အနေအထားမှာ ဖြစ်နေတယ်။ အဲဒီအတွက်ကြောင့် ဒီရှေ့နေချုပ်ကနေ ဦးဆောင်ပြီးတော့ ဘယ်လို ပုံစံမျိုးနဲ့ အရေးယူလို့ရမလဲဆိုတာ လမ်းရှာတယ်။ လမ်းရှာတာမှာ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံရဲ့ နယ်နိမိတ်အတွင်းမှာ ပြစ်မှုတွေ ကျူးလွန်တွေ ကျူးလွန်ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တွန်းပို့လိုက်တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရောမ စာချုပ်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့် ဒီဘက်မှာ သူတို့ crime လုပ်ပြီးတော့ ဟိုဘက်ကို Force deportation ပေါ့။ ဒီဟာက ICC မှာ Crime report လုပ်လို့ရတယ်။ ဆိုတော့ ဒီရှေ့နေ့ချုပ်ကနေပြီးတော့ တရားရုံးကို ဦးတိုက်လျှောက်ထားတယ်။
ဒီကိစ္စကို စုံစမ်းခွင့်ရှိတယ်လို့ တရားရုံးကို လျှောက်ထားတယ်။ တရားရုံးက စုံစမ်းခွင့်ရှိတယ်လို့ ခွင့်ပြုလိုက်တယ်။ အဲဒီအချိန်ကစပြီး စုံစမ်းနေတာပေါ့။ စုံစမ်းတာမှာ ကြားမှာ ကိုဗစ်ကာလလည်း ဖြစ်တဲ့အတွက်ကြောင့် နောက်ပြီးတော့ မြန်မာနိုင်ငံကိုဒီ အမှုကို စတင်တဲ့ NLD အစိုးရလက်ထက်ပေါ့။ အဲဒီအချိန်မှာ ဒီဟာကို စုံစမ်းခွင့်ပေးမလား မပေးဘူးလားဆိုပြီးတော့ မေးမြန်းခဲ့တဲ့အခါမှာ မြန်မာနိုင်ငံကနေပြီးတော့ ဒီ ICC ရဲ့ Rome Statute စာချုပ်ကို လက်မှတ် မထိုးထားတဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့် ဒါကို စုံစမ်းခွင့်မပေးဘူးဆိုပြီးတော့ ငြင်းပယ်ခဲ့တယ်။
ဒါက နည်းနည်းလေး အခက်အခဲရှိတဲ့အတွက် ဒီမှာ ရောက်လာတဲ့ Victim တွေကို အင်တာဗျူးလုပ်တယ်။ နောက်ပြီးတော့ ဒီ လေ့လာစုံစမ်းမှုတွေ လုပ်တယ်။ နောက်ပြီးတော့ evidences တွေ လုပ်ပြီးတော့မှ လွန်ခဲ့တဲ့ ရက်ပိုင်းမှာ ICC လက်ရှိရှေ့နေချုပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ သွားပြီးတော့ ဒါကို အဆုံးသတ်ပြီးတော့ ဒီမှာ ပြစ်မှုထင်ရှားတယ်၊ ရာဇဝတ်မှုတွေ ပေါင်းစုံကျူးလွန်ခဲ့တယ်။ ရိုဟင်ဂျာတွေ အမှန်တကယ် ခံစားရတယ်။ ဒီ ရာဇဝတ်မှုတွေ အားလုံး ကျူးလွန်ဖို့ အမိန့်ပေးခဲ့တဲ့ လူက တာဝန်အရှိဆုံးလူက စစ်တပ်ရဲ့ ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်က တာဝန်အရှိဆုံးဖြစ်တယ်။ သူ့ကို အရင်ဆုံး ဖမ်းဝရမ်းထုတ်ဖို့လိုတယ်ဆိုပြီး ဖမ်းဝရမ်းထုတ်ပေးဖို့ လျှောက်ထားလိုက်တဲ့အချိန်ပေါ့။
မေး။ ။ ICC ခုံရုံးရဲ့ အကြောင်း အတိုချုပ်လေးရဲ့ သူ့ရဲ့ လုပ်နိုင်စွမ်းနဲ့ သူတို့ကို ဘယ်မှာ တရားစီရင်ပြီးတော့ ဘယ်လို ထောင်ချလို့ရတယ်ဆိုတာလေး ရှင်းပြပေးပါဦး။
ဖြေ။ ။ ICC မှာက အဖွဲ့ဝင်နိုင်ငံ ၁၂၄ နိုင်ငံရှိတယ် ။ ဖမ်းဝရမ်းထုတ်လိုက်ပြီဆိုရင် ဒီ ၁၂၄ နိုင်ငံက ICC မှာ Rome Statute စာချုပ်ကို လက်မှတ်ထိုးထားတဲ့အတွက် သူတို့အနေနဲ့ သူတို့နိုင်ငံအတွင်းကို အခြေချလာမယ်ဆိုလို့ရှိရင် ဖမ်းဝရမ်းထုတ်ခံရတဲ့ လူက အခြေချလာမယ်ဆိုရင် သူတို့အနေနဲ့ မဖြစ်မနေ ဖမ်းဆီးပေးရမယ့် တာဝန်ရှိတယ်။ တကယ်လို့ ဖမ်းဆီးမပေးဘူးဆိုရင် ဒါက သူတို့ ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ စာချုပ်ကို ဖောက်ဖျက်ခြင်းဖြစ်တယ်။ ဒါက တစ်ပိုင်းပေါ့။
ဒီမှာ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ နိုင်ငံတွေကလည်း ဒီ ICC ရဲ့ ထုတ်ပေးလိုက်တဲ့ ဖမ်းဝရမ်း သူတို့အနေနဲ့ ကူညီပေးမယ်၊ ဖမ်းဆီးပေးမယ်ဆိုရင် ဒါက ဖြစ်နိုင်တဲ့ အနေအထားမှာ ရှိတယ်။ ဆိုတော့ ဒီမှာ ဖမ်းဆီးဖို့က နံပါတ် ၁ အချက်က ဖမ်းဝရမ်းထုတ်ခံရတဲ့လူက ရောမ စာချုပ်လက်မှတ်ထိုးထားတဲ့ နိုင်ငံကို မသွားဘူးဆိုရင်တော့ ဘယ်လိုမှ ဖမ်းခံရဖို့ မရှိဘူး။
နောက်ပြီးတော့ ICC မှာ Law Enforcement Index သူတို့မှာ ရဲတပ်ဖွဲ့ နိုင်ငံတွင်းကို ဝင်ပြီးတော့ ဖမ်းဖို့ မရှိဘူး။ ဒီလို နိုင်ငံတစ်နိုင်ငံကနေ မြားပြီးတော့ သူ့ကို မဖမ်းဘူးလို့ လိမ်ပြောပြီးမှ ဖမ်းမယ်ဆိုရင်တော့ ဒါ ဖြစ်နိုင်တယ်။ တချို့တွေကလည်း ဒီ အာဖရိကမှာဆိုရင် ကိုယ်တိုင်သွားပြီးတော့ အဖမ်းခံတာလည်း ရှိတယ်။ ဒီလို ဖမ်းပေးတာတွေလည်း ရှိတယ်ဆိုတော့ ဒါ ဘယ်လိုဖြစ်လာမလဲတော့ ပြောလို့တော့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖမ်းဝရမ်းထုတ်ခံရတယ်ဆိုကတည်းက အဖမ်းမခံရအောင် အားလုံးက ရှောင်ကြတယ်။
တကယ်လို့ သွားမယ်ဆိုရင်တောင် အဲဒီနိုင်ငံကို သူတို့ကို မဖမ်းဘူးဆိုတဲ့ အာမခံချက်ပေးမယ်ဆိုတာကို အာမခံချက်ပေးမှသာသွားမယ်ဆိုတော့ အဖမ်းခံရဖို့ Chance ကတော့ အတော်လေး နည်းတယ်။ ဒါပေမဲ့ အဖမ်းခံရပြီဆိုရင် တရားရုံးမှာ အမှုရင်ဆိုင်ရမယ်။ ဒီအမှုကို ဘယ်လိုပုံစံမျိုးနဲ့ ချေပမယ်၊ ဒါတွေက တကယ်ကို နည်းနည်းလေးကြာမြင့်တဲ့ Process ။ ဒီမှာ ကြိုးမိန့်ပေးတာကတော့ ICC မှာ လုံးဝမရှိတော့ဘူး ။ နိုင်ငံတကာမှာ ကြိုးမိန့်ပေးတာ သေဒဏ်စီရင်တာကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေတဲ့အချိန်မှာတော့ ဘယ်လိုမှ မဖြစ်တော့ဘူး ဆိုတော့ သူ့ကို နောက်ဆုံး တကယ်လို့ အမှုရင်ဆိုင်ရတယ်ဆိုရင် ကောင်းကောင်းမွန်မွန်လုံလုံခြုံခြုံနဲ့ ထားမယ်။ အမှုရင်ဆိုင်မယ်။ ပြီးသွားရင် ထောင်ဘယ်လောက်ဆိုတာကတော့ တရားသူကြီးဆုံးဖြတ်ပေါ့။ အဲဒီလို ဆုံးဖြတ်ပြီးသွားပြီဆိုရင် ဒီလို ကျွန်းနိုင်ငံကို သွားပြီးတော့ ဆုံးဖြတ်တဲ့အပေါ်မှာ ဘယ်နေရာမှာ သူတို့အတွက် Safety ။ ဘာလို့ဆို ဒီလို ပြစ်မှုကြီး ကျူးလွန်တဲ့လူက အန္တရာယ်က အတော်လေး များတယ်။ ဒါကို တော်ရုံတန်ရုံထောင်မှာ ထားလို့မရဘူး။ အကျဉ်းထောင်ထဲမှာ သေတဲ့အထိပေါ့။ ဒီလို ရာဇဝတ်မှုကြီးလို့ရှိရင် ပြန်လွှတ်ဖို့မရှိဘူး။ တစ်သက်တစ်ကျွန်းဆိုတဲ့ ပုံစံမျိုးနဲ့ ခံရမယ့် အနေအထားမှာရှိတယ်။
ဖမ်းခံရမယ့် Chance ကတော့ အတော်လေးနည်းတယ်။ ဒါပေမဲ့ ဖိအားတစ်ခုပေါ့။ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကနေထုတ်ထားတဲ့ ဝရမ်းပြေးတစ်ယောက်အနေနဲ့ နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်ဖို့လည်း လွယ်မှာမဟုတ်တော့ဘူး ။ ဒါပေမယ့် သူ့ကိုယ်သူ ပူတင်တို့ အစ္စရေး ဝန်ကြီးချုပ်နေတန်ညာဟုတို့နဲ့ နှိုင်းယှဉ်လို့တော့ မရဘူး။ ဟို ၂ ယောက်က ရုရှားဆိုတဲ့ နိုင်ငံကလည်း ကမ္ဘာမှာ နျူကလီးယားနဲ့ အကြီးဆုံးရှိတဲ့ နိုင်ငံ။ သူ့ရဲ့ ပါဝါကလည်း အတော်လေးကို မြင့်တယ်။ ပြီးတော့ အရှေ့အလယ်ပိုင်းနိုင်ငံတွေ အာရှနိုင်ငံတွေက အခုထိ သူကို ထောက်ခံနေတာ ရှိတယ်။ ဒါက ဖြစ်နေတာက အနောက်နိုင်ငံတွေနဲ့ ရုရှားကြားမှာ ဖြစ်နေတဲ့ ပြဿနာတစ်ခု ပုံစံမျိုး သွားနေတယ်။
နောက်ပြီးတော့ အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုမှာလည်း သူ့ကို အနောက်နိုင်ငံတွေက ထောက်ခံနေပေမယ့် ကနေဒါလို နိုင်ငံမျိုး ဥရောပမှာ ရှိတဲ့ နိုင်ငံမျိုး ဥပမာ ပြင်သစ်လို နိုင်ငံမျိုးကတောင် သူ့ကို လာလို့ရှိရင် ဖမ်းကို ဖမ်းပေးမယ်၊ UK လိုနိုင်ငံမျိုးကလည်း ဖမ်းကို ဖမ်းပေးမယ် တရားဝင်ထုတ်ပြန်ကြေညာထားတာတွေ ရှိတယ်ဆိုတော့ သူ့ကို အများစုထောက်ခံနေတဲ့ နိုင်ငံတွေထဲမှာတောင် ဒီနိုင်ငံတကာရဲ့ ဥပဒေကို လေးစားလိုက်နာသွားမယ်လို့ ထုတ်ပြန်ထားတာ ရှိတယ်။
မင်းအောင်လှိုင်က ကမ္ဘာမှာ ချဉ်ဖတ်။ သူ့ကို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက နိုင်ငံတော်တော်များများက လက်မခံခဲ့ဘူး။ အဲဒီထဲမှာ အာဆီယံထဲမှာ non-interference policy ရှိတော့ သူ့ကို အစည်းအဝေးတွေ တက်ခွင့်မပေးဘူး။ သူနဲ့ တရားဝင် ပေါ်ပေါ်ထင်ထင် ဆက်ဆံနေတာမျိုး မရှိဘူးဆိုတော့ ဒီ ဖမ်းဝရမ်းက သူ့အတွက် တော်တော်လေးကို ကြီးမားတဲ့ ဖိအားတစ်ခု ဖြစ်လာနိုင်တယ်။ နောက်ပြီးတော့ အခု သူ ကြိုးစားနေတဲ့ ရွေးကောက်ပွဲမှာက ကြိုးစားနေတာ သမ္မတပြန်ဖြစ်ဖို့ပဲ ကြိုးစားနေတာ ဒါက လူတိုင်းသိတယ်။ ဒီဟာအတွက်လည်း အဟန့်အတားတစ်ခုဖြစ်နိုင်တယ်။
မေး။ ။ ဆိုတော့ ICC ရဲ့ ဖမ်းဝရမ်းထုတ်လာတဲ့အပေါ် မင်းအောင်လှိုင်က အနေအစား မပျက်ဘူးဆိုတဲ့ သဘော ပြောလို့ရလား။
ဖြေ။ ။ အဲဒီလိုတော့ ပြောလို့မရဘူးဗျ။ သူက လောလောဆယ်တော့ သူက ဂရုစိုက်စရာမလိုဘူး။ တရုတ်ဘက်ကလည်း သူ့ကို နည်းနည်းလေး တရုတ်ဘက်ကလည်း ။ တရုတ်နဲ့က သူနဲ့ ဆက်ဆံရေးကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ၃ နှစ်က ဆက်ဆံရေးအတော်တော်လေး နိမ့်ကျနေတာ တွေ့ရတယ်။ အခု ရက်ပိုင်းမှာပဲ ဒီလထဲမှာ တရုတ်ကို သွားတယ်။ နည်းနည်းလေး ပြန်ပြီး ပြေလည်လာတဲ့အနေအထားမှာ ရှိတယ်။ သူ့ကို နည်းနည်းလေး Backup လုပ်ပြီး ပြောနေတဲ့ အနေအထားမှာ ရှိတယ်။
ဒါပေမဲ့ တကယ်တမ်းမှာ ဖမ်းဝရမ်းထွက်လာလို့ရှိရင် အနေအစား မပြတ်ဘူးဆိုတဲ့ပုံစံမျိုး။ ဥပမာ ထိုင်းနိုင်ငံလို နိုင်ငံမျိုးကို သွားမယ်ဆိုရင် သူ့မှာ အတော်လေးကို ၊ တရုတ်နိုင်ငံကို သွားမယ်ဆိုရင်လည်း ဒါက အာမခံချက် တောင်းကို တောင်းရမယ်။ အနေအစား မပျက်ဘူးဆိုတာတော့ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးကစားတာက ဘယ်သူ့ကိုမှ ယုံကြည်လို့ မရဘူး ။ ဘယ်နိုင်ငံကိုမှ ယုံကြည်လို့ မရဘူး။ ဥပမာ တရုတ်က အနောက်နိုင်ငံ အထူးသဖြင့် အမေရိကန်နဲ့ Power Balance လုပ်နေတာ ရှိတယ်။ နောက်ပြီးတော့ တခြားနိုင်ငံတွေကလည်း သူ့ဘာသာ သူ့ဂုဏ်သိက္ခာနဲ့ သူလုပ်နေတာ အများကြီး ရှိတယ်ဆိုတော့ သူ့အတွက်က ဘယ်နိုင်ငံကိုမှ ယုံကြည်လို့မရတဲ့ အနေအထားဖြစ်လာနိုင်တဲ့အနေအထားရှိတယ်။
အနေအစားမပျက်ဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဝရမ်းပြေး တစ်ယောက်က ဝရမ်းပြေး အမြဲတမ်းပြေးနေရမယ်။ ဘယ်လိုဖြစ်လာမလဲဆိုတော့ မြန်မာနိုင်ငံက သူ့အတွက် လုံးဝ အမိုးဖွင့် အကျဉ်းထောင် ။ ဒီအထဲကနေ ထွက်ဖို့ သူ့မှာ လိုအပ်ချက်တွေက အတော်လေးအများကြီးရှိလာမယ်။
မေး။ ။ ဆိုတော့ မြန်မာနိုင်ငငံ အိမ်ထဲမှာပဲ လှည့်ပတ်နေပေါ့။ မြန်မာနိုင်ငံထဲမှာပဲ လှည့်ပတ်နေပေါ့။
ဖြေ။ ။ မြန်မာနိုင်ငံထဲမှာပဲ လှည့်ပတ်နေ အဲဒီပုံစံမျိုးပေါ့. နိုင်ငံတွင်းမှာ သူက ဝရမ်းပြေးဆိုတော့ ။ ဘယ်နေရာသွားသွား ဝရမ်းပြေးဆိုတဲ့အမြင်။ နိုင်ငံတကာကလည်း ဝရမ်းပြေးတစ်ယောက်နဲ့ ဘယ်လိုဆက်ဆံမလဲ။ နောက်ပြီးတော့ UN ကနေပြီးတော့ သူ့ရဲ့ သွားတွေ့ဆုံတာတွေ၊ တခြားနိုင်ငံက သံအမတ်တွေက သွားတွေ့တာတွေ ။ ဝရမ်းပြေးတစ်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်မှာလား။ သူ့ကိုယ်သူ ပူတင်တို့ နေတန်ညာဟုတို့နဲ့ သွားပြီးတော့ နှိုင်းယှဉ်လို့ ရမှာမဟုတ်ဘူး။ သူက အဲဒီအဆင့်က Powerful လူတစ်ယောက်တော့ မဟုတ်ဘူး။
မေး။ ။ စစ်ကောင်စီက ICC ရဲ့ ပြောဆိုချက်ကို အသိအမှတ်မပြုဘူး။ နိုင်ငံက ICC အဖွဲ့ဝင်မဟုတ်ဘူး ငြင်းနေတော့ ဒါက မသက်ရောက်ဘူးလား။ ငြင်းလိုက်ရုံနဲ့ ပြီးသွားပြီလား။
ဖြေ။ ။ မပြီးပါဘူး။ ဖမ်းဝရမ်းထုတ်ပြီဆိုတာနဲ့ ၁၂၄ နိုင်ငံကို လိုက်နာရမယ့်ဟာရှိတယ်။ အဲဒီမှာ ၁၂၄ နိုင်ငံမှာ မလိုက်နာဘူးလို့ ပြောမယ့် နိုင်ငံ တော်တော်လေးကို ရှားတယ်။ ဥပမာ ကမ္ဘောဒီးယားလို နိုင်ငံ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ အရှေ့တီမောတော့ ဒါကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။ ဒါကို သူ ဂရုမစိုက်ဘူးလို့ ပြောပေမယ့် တကယ်တမ်းအဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ နိုင်ငံတွေကတောင် သူ့ကို ဘယ်လို ပုံစံမျိုးနဲ့ ကိုင်တွယ်မလဲ စောင့်ကြည့်ရမယ်။ အဖွဲ့ဝင်နိုင်ငံမဟုတ်လို့ ငါ impunity တောင်းစရာမလိုဘူး သွားကို သွားမယ်ဆိုတဲ့ ပုံစံမျိုးမှာ ဟိုက ဖမ်းပြီးတော့ ICC ကို အပ်လိုက်မယ့် အနေအထားတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။
ဒီမှာက နိုင်ငံတိုင်းက နိုင်ငံရေး ဂုဏ်သိက္ခာကို မြှင့်တင်ချင်တဲ့ နိုင်ငံတွေ ။ ဒီလိုပုံစံမျိုးမှာ ICC ရဲ့ wanted criminal ကို ဖမ်းပြီးတော့ ပို့လိုက်မယ်ဆို နည်းနည်းနောနော နိုင်ငံရေး ဂုဏ်သိက္ခာတက်မှာ။ ဒါတွေကို စဉ်းစားပြီးတော့ နိုင်ငံတိုင်းက သူ့ကို အသုံးချဖို့ ကြိုးစားတာတွေ အများကြီးရှိမှာ။ တကယ်တမ်း ဖမ်းဝရမ်းထွက်လာပြီးတဲ့အခါကျရင် တရားဝင်ကြေညာတာတွေ အစိုးရကြားမှာ အချင်းချင်း ဘာတွေ ပြောနေတာတွေ ဒါတွေကို နားထောင်ကြည့်မယ်ဆိုရင် တကယ်တမ်းကို မင်းအောင်လှိုင်အတွက် တော်တော်လေးကို ဆိုးရွားလာတဲ့အခြေအနေရှိတယ်။ မင်းအောင်လှိုင်မှာ Supporter ဆိုတာ ဘယ်နိုင်ငံမှ မရှိဘူး။ ရုရှားကလည်း လက်နက်ရောင်းနေရလို့ deal လုပ်နေတာ။
တရုတ်ကလည်း သူ့ စီးပွားရေး interest ၊ တခြား Interest တွေကြောင့် သူ့ကို အခုမှ ပြန်ပြီးတော့ အဖတ်လုပ်နေတဲ့ အနေအထားမှာ ရှိတယ်။ တကယ်တန်းမှာ criminal တရားဝင် criminal ဖြစ်လာပြီဆိုရင် တရုတ်ကလည်း ပြန်စဉ်းစားမှာ ငါတို့ criminal တစ်ယောက်ကို backup လုပ်ပေးမလား ဒါမှမဟုတ်လို့ရှိရင် နိုင်ငံအတွင်းမှာ တကယ်ကို နိုင်ငံရေးအခြေအနေပြောင်းအောင်လုပ်ပြီးတော့မှ တခြားအစိုးရကို တင်နိုင်အောင် ကြိုးစားမလား တခြားအပြောင်းအလဲတွေ အများကြီး ဖြစ်လာနိုင်တယ်။
မေး။ ။ ICC ခုံရုံးမှာ ဘယ်သူက တရားလိုလုပ်တာလဲ။
ဖြေ။ ။ ဟုတ်ကဲ့ ။ ဒီမှာက အဓိက ရိုဟင်ဂျာနဲ့ ပတ်သက်ပြီးတော့ နှစ်ပေါင်းများစွာ ခံစားနေရတာ။ ဘာကြောင့်လဲဆိုတော့ ရိုဟင်ဂျာတွေကို ညှင်းပန်းနှိပ်စက်တယ်၊ သတ်ဖြတ်တယ်ဆိုတာ ၁၉၇၈ မှာ ပထမဆုံးဖြစ်ခဲ့တယ်။ ဒီကိစ္စမှာ ကျွန်တော်တို့ အသေအချာသိခဲ့တာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ။ နောက်ပြီးတော့ ICC က အငြိမ်းစား ယူသွားတဲ့ ရှေ့နေချုပ် ။ သူတို့ ရှေ့နေချုပ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဒီ case ကို ဖြစ်အောင် လုပ်တာ။ ဒီမှာက တခြား credit လုပ်မယ်ဆိုရင် တခြားလုံးဝမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ အပြင်မှာ ထုတ်ပြောလို့မရတာတွေလည်း ရှိတယ်။
ကျွန်တော်တို့ ကိုယ်တိုင် တွေ့ဆုံခဲ့တာ ရှိတယ်။ ကျွန်တော်တို့ သိတာတွေ အများကြီးရှိတယ်။ အဓိက ဒါကို တော်တော်များများ သိတာ ဘင်္ဂလားဒေ့ရှ် effort အများကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ ပြဿနာတွေ အားလုံးကို ပြေလည်စေချင်တယ်။ ဒါကြောင့် ဒီ ICC ကိစ္စတင်မကဘူး ၊ ICJ ကိစ္စတွေမှာလည်း ဘင်္ဂလားဒေ့ရှ်က အများကြီး ပံ့ပိုးပေးနေတာတွေ ရှိတယ်။ Credit ကို အမှန်တကယ် ပေးမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ ရှေ့နေချုပ် တို့က ဒီလောက် Case ကို ဖြစ်အောင် လုပ်လာတာ။
ဆိုတော့ ဒီမှာက ဖြည့်ပြီး ပြောချင်တာက မြန်မာတစ်နိုင်ငံလုံးမှာ ရာဇဝတ်မှုတွေ အားလုံးမှာ ရိုဟင်ဂျာတွေ အပေါ်မှာ ကျူးလွန်တာလည်း မင်းအောင် လှိုင်ပဲ။ တိုင်းရင်းသားလူနည်းစုတွေ အားလုံးအပေါ်ကို ကျူးလွန်တာလည်း မင်းအောင်လှိုင်ပဲ ။ မြန်မာတစ်နိုင်ငံလုံးကို ၂၀၂၁ ကနေ စပြီး ကျူးလွန်နေတာလည်း မင်းအောင်လှိုင်ပဲ ကျွန်တော်တို့အတွက်က အရေးကြီးတာက ဒီ ရာဇဝတ်ကောင်ကို ပြစ်ဒဏ်ပေးမယ် ဘယ်လိုပုံစံမျိုးဖြစ်လာမလဲဆို ဒီ ရိုဟင်ဂျာအမှုနဲ့ ဒီလိုမျိုးဖြစ်လာတယ်ဆိုတာ ဒါအားလုံးအတွက်က တစ်နိုင်ငံလုံးအတွက် အကျိုးသက်ရောက်မှု ရှိတယ်။
ကျွန်တော်တို့ အနေနဲ့ အမြန်ဆုံး ဖမ်းဝရမ်းထွက်လာတဲ့အခါ ဒီ နိုင်ငံတွေကို ရာဇဝတ်ကောင်နဲ့ အဆက်အဆံမလုပ်ဖို့ ဝိုင်းဝန်းပြီးတော့ Advocacy လုပ်မယ်ဆိုရင် နိုင်ငံတွင်းမှာ ကြီးမားတဲ့ ပြောင်းလဲမှု ဖြစ်လာနိုင်တယ်။ ဖိအားတစ်ခုဖြစ်လာမယ်။ ဒီ Criminal နဲ့ လုံးဝ Deal မလုပ်ဘဲ relationship cut off လုပ်ပြီးတော့ ဒီဟာကို လုံးဝ ဖြုတ်ချနိုင်အောင် ဝိုင်းဝန်းပံ့ပိုးပြီး ဒီဟာ အတော်လေးကို ကြီးမားတဲ့ လက်နက်တစ်ခုဖြစ်လာနိုင်တယ်။
မေး။ ။ ဝရမ်းထွက်လာမယ့် အချိန်ပေါ့။ ပြည်သူတွေ ဘယ်တော့လောက် ထပ်ပြီးတော့ ပျော်ရဦးမလဲ။ အချိန်လေး နည်းနည်းလေး ခန့်မှန်းပြီး ပြောပေးပါလား။
ဖြေ။ ။ ခန့်မှန်းပြီးတော့ ဆိုတာ ဒါက တရားသူကြီးတွေ ပေါ်မှာ မူတည်တာပေါ့။ အခုကတော့ တရားရုံးကို ဦးတိုက်လျှောက်ထားတော့ တရားသူ ကြီးတွေကလည်း case တွေကလည်း ကိုင်ထားတာ နည်းနည်းနောနောတော့ မဟုတ်ဘူး။ ကျွန်တော် ထင်တယ်။ ကျွန်တော်ထင်တယ် ဒီဟာ အချိန်တိုတိုလေးအတွင်းမှာ ထွက်လာနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံက မြန်မာနိုင်ငံထက် ဒီမင်းအောင်လှိုင်နဲ့အဖွဲ့က ကြေညာလိုက်တယ်။
ဂရုစိုက်စရာမလိုဘူး။ ငါတို့က ICC အဖွဲ့ဝင် နိုင်ငံမဟုတ်ဘူးဆိုပြီးတော့ ကြေညာလိုက်တယ်ဆိုတော့ စိန်ခေါ်မှု မရှိတော့ဘူး။ တရားရုံးမှာ ရောက်သွားပြီးတော့ နေတန်ညာဟုကိစ္စမှာ ၅ လကျော်ကြာတယ်။ ဘာကြောင့် ကြာလဲဆိုတော့ သူတို့ နိုင်ငံကနေ ပြီးတော့ စိန်ခေါ်တယ် challenge လုပ်တယ်။ နေတန်ညာဟုကလည်း မင်းအောင်လှိုင်လိုပဲ ငါ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်ဘူး ဂရုစိုက်စရာမလိုဘူးဆိုပြီး ကြေညာတယ်။ ဒါပေမဲ့သူ့ကို ထောက်ခံအားပေးတဲ့လူက ဒီစီရင်ချက်ကို ဒီ application ကို တင်တဲ့ဟာကို challenge လုပ်တဲ့အတွက် ၅ လကြာတယ်။ အခု ဒီမှာက မင်းအောင်လှိုင်အတွက် challenge လုပ်ဖို့က မရှိဘူး။ လပိုင်းအတွင်းမှာ ၁ လ ၂ လအတွင်းမှာ ဖြစ်လာဖို့ ရှိတယ်လို့ ကျွန်တော်တို့က မျှော်လင့်တယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုလည်း ဒီဟာထွက်လာပြီးတော့မှ အခုမှ အယူခံဝင်မယ်ဆိုပြီး ဖြစ်လာတယ်။ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်ဘူး။ ဂရုစိုက်စရာမလိုဘူး ပြောပြီးတော့မှ ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကိုယ်ကတော့ ထောက်ခံအားပေးတဲ့နိုင်ငံက သူ့ကို ဖမ်းပေးမယ်ဆိုပြီး ဖြစ်လာတယ်။ ဆိုတော့ ကျွန်တော် ထင်တယ်။ မင်းအောင်လှိုင်ကတော့ အယူခံဝင်လည်း ဘာမှ မဖြစ်လာဘူး ။ သူ့ကို ထောက်ခံအားပေးတဲ့ နိုင်ငံ ဘယ်နိုင်ငံက မရှိဘူး။ သူ့အတွက် ရုရှားကလည်း လုပ်မှာ မဟုတ်ဘူး။ တရုတ်ကလည်း လုပ်မှာ မဟုတ်ဘူး။ ကျွန်တော်ထင်တယ် ဒီဟာက အမြန်ဆုံးထွက်လာဖို့ ရှိတယ်။
မေး။ ။ ICC ရှေ့နေချုပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ နောက်ဆက်တွဲတွေ လာဦးမယ်ဆိုတော့ ဘယ်သူတွေကို ထပ် ၀ရမ်းထုတ်မှာလဲ။
ဖြေ။ ။ ဒီမှာက သူပြောသွားတာမှာ ရှင်းရှင်းလင်းလင်းပဲ ။ စစ်တပ်ပါတယ်။ ရဲတပ်ဖွဲ့ပါတယ်။ နယ်ခြားစောင့်ရဲတပ်ဖွဲ့။ ရိုဟင်ဂျာမဟုတ်တဲ့ အရပ်သားတွေ ပါတယ်။ ဆိုတော့ အဲဒီတုန်းက ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းပြောလို့ရှိရင် အစိုးရတစ်ရပ်ရှိတယ်။ စစ်တပ်ဆိုတာက အစိုးရရဲ့ လက်အောက်မှာ ရှိတယ်။ ဒါ ကျွန်တော်တို့ နိုင်ငံမှာ ၂၅ ရာခိုင်နှုန်းက လွှတ်တော်မှာ စစ်တပ်က ထိန်းချုပ်ထားတယ်။
နောက်ပြီးတော့ Power Sharing ပိုင်းမှာလည်း အကုန်လုံး သိတယ်။ တကယ့်ဟာက စစ်တပ်က အစိုးရရဲ့ လက်အောက်။ ဆိုတော့ သူတို့က ICC က အစိုးရကို Target လုပ်မယ်။ ဒါက ကျွန်တော်တို့ ပြောလို့မရဘူး။ နောက်တစ်ခုက သူ ဒီမှာ စစ်တပ်တင် မဟုတ်ဘူး ရဲတပ်ဖွဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့။ ရိုဟင်ဂျာမဟုတ်တဲ့ အရပ်သားတွေ။ အရပ်သားတွေထဲမှာ နိုင်ငံရေးသမားတွေ၊ လောင်စာထည့်ပေးတဲ့ နိုင်ငံရေးသမားတွေလည်း အများကြီး ရှိတယ်။ သူတို့ကို Target လုပ်မယ်။ ဒါတွေကလည်း ကျွန်တော်တို့ ဘယ်လိုမှ ပြောလို့မရဘူး။ ဒီ တရားရုံးက လွတ်လပ်တဲ့ တရားရုံးဖြစ်တယ်။ ဒီမှာ သူတို့ ဆွေးနွေးနေတာ ကျွန်တော်တို့နဲ့ သိတဲ့လူတွေ ရှိတယ်ဗျ။ ဒီလူတွေကတော့ ကျွန်တော်တို့ကို information Share တာ မလုပ်ဘူး။
နောက်ဆက်တွဲဘာတွေ ဖြစ်လာနိုင်လဲဆို နံပါတ် ၁ အချက် ဒီအစိုးရထဲမှာ တာဝန်ရှိသူတွေ ရှိတယ်။ ဒါကို လောင်စာပုံစံမျိုးနဲ့ ပြောဆိုခဲ့တာတွေ ရှိတယ်။ ဒါကို မှတ်တမ်းတွေကတော့ မီဒီယာမှတ်တမ်းတွေ evident တွေ အများကြီး ရှိတယ်။ဒါကိုလည်း သူတို့အနေနဲ့ စိုးရိမ်စိတ် ရမယ့်အနေအထားဖြစ်တယ်။ နောက်တစ်ခုက မင်းအောင်လှိုင်က ပစ်မိန့်ပေးလိုက်ပြီ ။ဒီ ပစ်မိန့်တွေကို ဘယ်သူတွေက လုပ်လဲ။ တပ်မမှူးတွေ၊ တိုင်းမှူးတွေ ၊ နောက်ပြီးတော့ အောက်ခြေမှာ ။ ဥပမာ ဘူးသီးတောင်မှာဆို တပ်ကြပ်ကြီး တစ်ယောက် တော်တော်လေးကို ဆိုးဆိုးရွားရွားနဲ့ လူအများကြီးကို သတ်ခဲ့တာတွေ ရှိတယ်။ ဒီလိုလူတွေက အစ ဖမ်းဝရမ်းထုတ်လာနိုင်တယ်။
နောက်ပြီးတော့ နိုင်ငံရေးသမားတွေ အားပေးခဲ့တာ ဒီ သတ်တာကို ပြစ်မှုကျူးလွန်တာကို မတရားသဖြင့် အားပေးခဲ့တဲ့ မီဒီယာမှာ အင်တာဗျူးပေးခဲ့တာတွေ။ ဆိုတော့ သူတို့ကိုလည်း ပစ်မှတ်ဖြစ်လာနိုင်တယ်။ ဘယ်လိုပုံစံမျိုးနဲ့ လုပ်မလဲ။ အဲဒီဟာကတော့ ရှေ့နေချုပ်အပေါ်မှာ မူတည်တယ်၊ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်တယ်။ ကျွန်တော်တို့ စောင့်ကြည့်ရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် တစ်ခုပြောချင်တာက မတရားမှုလုပ်ပြီးသွားရင် အဲဒီ မတရားမှုက လွတ်ဖို့ မရှိဘူး။ အဖမ်းခံရသည်ဖြစ်စေ အဖမ်းမခံရသည် ဖြစ်စေ ဝရမ်းပြေးကတော့ ဝရမ်းပြေးပဲ။ ဝရမ်းပြေးက ပြည်တွင်းက ထုတ်ထားတဲ့ ဝရမ်းပြေးမဟုတ်ဘူး။ နိုင်ငံတကာ တရားရုံးက ထုတ်ထားတဲ့ ဝရမ်းပြေးဖြစ်တယ်။ ဒီ ဝရမ်းပြေးက ဒီနိုင်ငံတွင်းမှာပဲ ပိတ်လှောင်နေပြီး နိုင်ငံကနေ အပြင်ထွက်ဖို့ လမ်းဆိုတာ ဘယ်တော့မှ ရှိမှာ မဟုတ်ဘူး။
ကျွန်တော်တို့က လက်ရှိ ကျွန်တော်တို့ နယ်မြေမှာ ဆိုလို့ရှိရင် ရိုဟင်ဂျာတွေ အခုချိန်ထိ တော်တော်ကြီးကို ခံစားနေရတာ။ ဒါ တစ်ဆင့်ပြီး တစ်ဆင့်။ ကျွန်တော်တို့က လုပ်တယ်။ တရားမျှတမှုရဖို့။ ဒီ တရားမျှတမှုက ကျွန်တော်တို့ လုပ်တဲ့အလုပ်သည် တစ်နိုင်ငံလုံးမှာ အားလုံးကို အကျိုးသက်ရောက်မှု ရှိရမယ်။ အားလုံးခံစားရမယ်။ အဲဒီလိုပုံစံမျိုးနဲ့ မတရားမှုအားလုံးကို ချုပ်ငြိမ်းသွားအောင်တော့ ဆက်တိုက်ကို ဖြစ်အောင် လုပ်နေမှာပဲ ။
မေး။ ။ ဒီနောက်ဆုံး မေးခွန်းပါ။ အခု သူကလည်း တရားရုံးကို ဆက်မသွားဘူး အသိအမှတ်လည်း မပြုဘူး။ သူ့နိုင်ငံတွင်းမှာပဲ သူနေမယ်။ အာဏာကိုပဲ ဆက်ဆုပ်ကိုင်ထားမယ်ဆိုရင် ဘယ်လို ဆက်ဖြစ်လာမလဲ။ တရားရုံးက သူ့ကို မျက်ကွယ်ထောင်ဒဏ်ချလို့ရလား။ ဘယ်လို စီရင်လို့ရလဲ ။ ဒါ နောက်ဆုံးမေးခွန်းပါ အစ်ကို။
ဖြေ။ ။ တရားရုံးက သူ မပါဘဲနဲ့ ပြစ်ဒဏ်ချလို့မရဘူး။ ဒါပေမဲ့ သူ ဝရမ်းပြေးအဖြစ်နဲ့ပဲ ရှိနေမယ်။ နောက်ပြီး သူကနေပြီးတော့ ဘယ်သူနဲ့မှ မဆက်ဆံဘူးဆိုတာ ။ နိုင်ငံတစ်နိုင်ငံက အဲဒီလို isolated တော့ နေလို့မရဘူး။ ဥပမာ ဦးနေဝင်းလက်ထက်က isolated နေခဲ့ပေမယ့် သူ ဆေးကုဖို့ ဂျာမနီသွားတယ်။ တခြားနိုင်ငံတွေ သွားတယ်။ ဒီလိုပုံစံမျိုးနဲ့ ဘယ်လိုမှ နေလို့မရဘူး။
ဝရမ်းပြေးတစ်ယောက်ကိုတော့ ဥပမာ မလေးရှားနိုင်ငံက မကြာခင် အာဆီယံ ဥက္ကဋ္ဌဖြစ်လာမယ် မလေးရှားဆိုလို့ရှိရင် မြန်မာအရေးကို တော်တော်လေးကို ပြောဆိုတာတွေ ရှိတယ်။ တကယ်လက်တွေ့လုပ်နေတာတွေ ရှိတယ်။ အဲဒီလိုမျိုးပဲ ဒါပြီးသွားရင် ဖိလစ်ပင်းဖြစ်လာမယ်။ အာဆီယံထဲမှာတော့ မလေးရှား ဖိလစ်ပင်း နောက် အင်ဒိုနီးရှား ဒီ ၃ နိုင်ငံက တော်တော်လေးကို strong ဖြစ်တဲ့ နိုင်ငံ။ အခုလက်ရှိ သူ အာဆီယံမှာ နည်းနည်းလေး အဆက်အသွယ်ရှိနေတာ။ သူကိုယ်တိုင်လည်း တက်လို့ မရဘူး။
သူ အာဆီယံထဲမှာတော့ သူကောင်းကောင်းမွန်မွန်နေလို့မရဘူးဆိုလို့ရှိရင် သူ ဒီအာဏာကို ထိန်းချုပ်ထားဖို့ဆိုတာ လွယ်ကူမယ့် ကိစ္စမဟုတ်ဘူး ဘာလို့လဲဆိုတော့ နိုင်ငံတစ်နိုင်ငံ run ဖို့အတွက်က Diplomatic တစ်ခုတည်းမဟုတ်ဘူး ကုန်သွယ်ရေး ဘာညာ အများကြီး ရှိလာတယ်။ နောက်ပြီးတော့ နိုင်ငံတစ်နိုင်ငံရဲ့ pressure ကလည်း တော်တော်လေးကို ဒီနိုင်ငံတွေအတွင်းမှာ အာဆီယံအတွင်းမှာလည်း အနောက်နိုင်ငံတွေကနေ Pressure ပြန်ခံရမှာ ။
တရုတ်တစ်ခုတည်းနဲ့ ပြီးသွားမှာ မဟုတ်ဘူး။ တရုတ်ကလည်း ဝရမ်းပြေးကို Backup လုပ်ပြီးတော့ ဘာမှလည်း အရည်အချင်းမရှိ Power မရှိတဲ့ ချဉ်ဖတ်ကြီး backup လုပ်ပြီး နေမှာ မဟုတ်ဘူး။ ကျွန်တော် ထင်တယ်။ အပြောင်းအလဲတော့ လုံးဝ ဖြစ်မလာဘူးဆိုတာ မဟုတ်ဘူး။ အပြောင်းအလဲ ဖြစ်တော့ ဖြစ်လာမယ်။ သူ ဆင်းသွားပြီးတော့ စစ်တပ်ကို အာဏာထားချင်တယ်ဆိုလို့ရှိရင် နောက်ကွယ်ကနေ ထိန်းချုပ်ပြီးတော့ နောက်တစ်ယောက်ကို တင်မလား။ အဲဒီပုံစံမျိုး ဖြစ်လာနိုင်တယ်။
နောက် သူ့ကို တင်ခဲ့တဲ့ ဦးသန်းရွှေကိုတောင် စကားနားမထောင်ဘူး။ သူ့သားမက်ကို ပြန်ဖမ်းတယ်။ အဲဒီပုံစံမျိုး လုပ်လာတော့ သူ နောက်တစ်ယောက် တင်လို့ ရှိရင် သူ့ရဲ့ အနေအထား ဘယ်လိုဖြစ်လာမလဲ ဒါတွေက အများကြီး စဉ်းစားစရာတွေ အများကြီးရှိတယ်။ ကျွန်တော်က အကောင်းဘက်ကို မျှော်လင့်တယ်။ သိပ်ပြီးတော့ မကြာခင် ဝရမ်းထွက်ပြီးသွားရင် အပြောင်းအလဲတစ်ခုတော့ မြင်ကို မြင်ရမယ်လို့ ယုံတယ်။
မေး။ ။ အဲဒီတော့ တရားရင် မဆိုင်ရင်လည်း နေ။ မသေမချင်း ဝရမ်းပြေးဘဝနဲ့ ဘဝကို အဆုံးသတ်သွားပေါ့။ အဲဒီလိုလား။
ဖြေ။ ။ ဟုတ်ပါတယ် ။ ဝရမ်းပြေး ဘဝနဲ့တော့ နိုင်ငံကို အုပ်ချုပ်လို့ ရမှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ ဒီ ဝရမ်းပြေးဘဝနဲ့ နိုင်ငံတွင်းမှာ နေလို့ရတယ်။ အာဏာကို ဆက်ပြီး ကိုင်ထားဖို့ တော်တော်လေးကို ခဲယဉ်းတယ်။ ပူတင် မဟုတ်ဘူး၊ နေတန်ညာဟု မဟုတ်ဘူး။ အဲဒါ မင်းအောင်လှိုင် ကမ္ဘာ့ချဉ်ဖတ်။