ဖယ်ခုံမြို့နယ်၊ ဆိုင်ခွန်(ရှမ်း)ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၁၃ နှစ်အရွယ် ကလေး ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရ
ကရင်နီပြည်၊ ဖယ်ခုံမြို့နယ် အနောက်ခြမ်းရှိ ဆိုင်ခွန်(ရှမ်း)ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးသီး အလုံး ၄၀ ခန့် ကျဲချ တိုက်ခိုက်ခဲ့ရာ အသက် ၁၃ နှစ်အရွယ်ကလေး ၁ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၃ ရက် နံနက်အစောပိုင်း ၃ နာရီဝန်းကျင်ခန့်က ဖယ်ခုံမြို့နယ် အနောက်ခြမ်း ၊ ဆိုင်ခွန် (ရှမ်း) ကျေးရွာပတ်ဝန်းကျင်ကို အကြမ်းဖက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးသီး အလုံး ၄၀ ခန့် ကျဲချ တိုက်ခိုက်ခဲ့ရာ အသက် ၁၃ နှစ်အရွယ် ကလေး ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထို အပြင် အိမ်မွေးတိရစ္ဆာန်ကျွဲနွားများလည်း ထိခိုက်မှုရှိကြောင်း သိရသည်။
“တိုက်ပွဲမရှိဘူး။ အဲဒီနေရာတွေက တိုက်ပွဲနယ်မြေလည်းမဟုတ်ဘူး။ အရပ်သား ပြည်သူတွေနဲ့ စစ် ဘေးရှောင်တွေပဲ နေတဲ့ နေရာပါ။ မနက် ၃ နာရီ ဂျက်လေယာဉ် ၂ စီးနဲ့လာကျဲသွားတာ၊ ရွာအနီး အနားပတ်ဝန်းကျင်ကိုပဲ၊ ပြည်သူ ၁ ဦးသေတယ်၊ ၃ ဦးထိခိုက်ဒဏ်ရာရတယ်၊ တိရစ္ဆာန်တွေလည်းထိ ခိုက်မှုရှိတယ်။” ဟု မြေပြင်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း ဖယ်ခုံမြို့နယ် အရှေ့ခြမ်းရှိ ကုန်းပေါ်ကျေးရွာကို အ ကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ၁ လသားအရွယ် နှင့် (၁) နှစ်သား အရွယ် ကလေးငယ် ၂ ဦးအပါအဝင် စုစုပေါင်း ပြည်သူ ၆ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။