စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံတွင် ဘိန်းထုတ်လုပ်မှု အနည်းငယ်ကျဆင်းသွားသော်လည်း ပဋိပက္ခနှင့် မတည်ငြိမ်မှုများကြောင် ပြန်လည် မြင့်တက်လာနိုင်ဟု ကုလသမဂ္ဂက သတိပေး
စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံတွင် ဘိန်းဖြူထုတ်လုပ်မှုသည် အနည်းငယ်ကျဆင်းသွားသော်လည်း ကမ္ဘာ့အကြီးဆုံး ဘိန်းထုတ်လုပ်သည့် အရင်းအဖြစ် ဆက်လက်တည်ရှိနေကာ ပဋိပက္ခနှင့် မတည်ငြိမ်မှုများကြောင် ပြန်လည် မြင့်တက်လာနိုင်သည်ဟု ကုလသမဂ္ဂ ကျွမ်းကျင်သူများက သတိပေးလိုက်သည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး UNODC က ထုတ်ပြန်သည့် မြန်မာနိုင်ငံ ၏ ဘိန်းစိုက်ပျိုးမှုစစ်တမ်း ၂၀၂၄ တွင် ၃ နှစ်ဆက်တိုက် ဘိန်းစိုက်ပျိုးသည့် ဧရိယာမှာ ၄ ရာခိုင်နှုန်း ဟက်တာအားဖြင့် ၄၅၂၀၀ (၁၁၁၇၀၀ ဧက) သို့ ကျဆင်းသွားပြီး ထုတ်လုပ်မှုမှာ ၈ ရာခိုင်နှုန်း မက်ထရစ်တန်အားဖြင့် ၉၉၅ မက်ထရစ်တန် ကျဆင်းသွားကြောင်း၊ ဘိန်းထွက်ရှိမှုမှာလည်း ၄ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ် အာဖဂန်နစ္စတန်ကို ကျော်တက်ပြီး ကမ္ဘာ့ဘိန်းအများဆုံး ထုတ်လုပ်သော နိုင်ငံဖြစ်လာကြောင်း၊ ၂၀၂၁ ခုနှစ် အာဖဂန်နစ္စတန်တွင် တာလီဘန်တို့က ဘိန်းစိုက်ပျိုးမှုကို ပိတ်ပင်လိုက်ပြီးနောက် ဘိန်းစိုက်ပျိုးမှု ၉၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း UNODC က ထုတ်ပြန်သည်။
တစ်ချိန်တည်းတွင်ပင် မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းထုတ်လုပ်မှု တိုးတက်လာသည်ကို UNODC က မှတ်တမ်းတင်နိုင်ခဲ့ကြောင်း၊ စစ်အာဏာသိမ်းမှုနှင့် ပြည်တွင်းစစ် ဖြစ်ပွားမှုများကြောင့် ယင်းအခြေအနေ ဖြစ်ပေါ်လာကြောင်း၊
စစ်တပ်အာဏာမသိမ်းမီက ဘိန်းမစိုက်သော လယ်သမားအများအပြားမှာ စစ်အာဏာသိမ်းပြီးနောက် ဘိန်းပြန်လည် စိုက်ပျိုး ကြကြောင်း UNODC ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ် Masood Karimipour က ထုတ်ဖော်ပြောဆိုသည်။
“ဒီအချိန်မှာ ဘိန်းဖြူအတွက် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်က ပြောင်းလဲမှု မရှိသေးဘူး။ လတ်တလောမှာ ဘိန်းဖြူကို ကမ္ဘာ့အဆင့်မှာ ပြတ်လပ်မှုရှိနေတာကြောင့် မြန်မာနိုင်ငံက ဘိန်းစိုက်တောင်သူတွေကို စျေးကွက်လိုအပ်ချက် ဖြည့်ဆည်းဖို့ ဘိန်းတွေ ပိုမိုစိုက်ပျိုးမှု တိုးလာဖို့ တွန်းအားပေးနိုင်တယ်” ဟု Masood Karimipour က ဆိုသည်။
ကခင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် မတည်ငြိမ်မှုများဖြစ်ပွားကာ ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းထုတ်လုပ်မှု အတားအဆီးဖြစ်လာခြင်းကြောင့် ကျဆင်းမှုဖြစ်နိုင်ပြီး ထုတ်လုပ်မှု ကျဆင်းသွားသည်ဟု မဆိုနိုင်သေးကြောင်း ကုလသမဂ္ဂက သတိပေးသည်။
“စိတ်မကောင်းစရာပါပဲ၊ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ တိုးလာနေတာကို ကျနော်တို့ မြင်နေရတယ်။ မြန်မာနိုင်ငံမှာ အခြေအနေတွေ မငြိမ်မသက်ဖြစ်နေပြီး အုပ်ချုပ်မှုစနစ်နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေ ဆက်လက်ဖြစ်ပေါ်နေတာကြောင့် ဘိန်းစိုက်ပျိုးမှု တွန်းအားပေးသူတွေ ပိုများလာနိုင်ပါတယ်။ လယ်သမားတွေက သူတို့ရဲ့ နံပါတ်တစ် လိုအပ်ချက် စားနပ်ရိက္ခာ ပြေလည်စေဖိုနဲ့ စီးပွားရေးလိုအပ်ချက်အတွက် ဘိန်းစိုက်ပျိုးရမယ့် အခြေအနေတွေ ရှိလာနိုင်ပါတယ်။ ဘိန်းဆက်လက် စိုက်ပျိုးဖို့ လှုံ့ဆော်မှုတွေ လျော့ပါးလာမယ်လို့ ကျွန်တော်တို့ ခန့်မှန်းလို့မရပါဘူး” ဟု ၎င်းက ဆက်ပြောသည်။
စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံတွင်မူ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများကြောင့် ဘိန်းအများဆုံး ထုတ်လုပ်သော
ကမ္ဘာ့ ပထမ နိုင်ငံအဖြစ် ရောက်ရှိလာကြောင်း ၊ မြန်မာ ဘိန်းစိုက်တောင်သူများ ၇၅ ရာခိုင်နှုန်း ပိုမိုဝင်ငွေရရှိလာကြောင်း၊ ဘိန်းပန်း ပျှမ်းမျှတစ်ကီလို ဒေါ်လာ ၃၅၅ ဒေါ်လာခန့်ရှိကြောင်း၊ ဘိန်းစိုက်ပျိုးမှု ဧရိယာ ဟက်တာ ၄၀၁၀၀ မှ ၄၇၀၀၀ ဟက်တာအထိရှိပြီး တစ်နှစ်ထက် တစ်နှစ် ၁၈ ရာခိုင်နှုန်း တိုးလာကြောင်း ၂၀၂၃ ခုနှစ်တွင် ကုလသမဂ္ဂ UNODC က ထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ-ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ခင်းများကို ကုလသမဂ္ဂက ကွင်းဆင်းစစ်ဆေးနေစဉ်။