မလေးရှားသွားမည့် မြန်မာနိုင်ငံသား ၈၄ ဦး ထိုင်းနိုင်ငံတွင် တရားဝင်အထောက်အထားမဲ့ ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရ
မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်ကြမည့် မြန်မာနိုင်ငံသား ၈၄ ဦးမှာ ထိုင်းနိုင်ငံတွင်းသို့ အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုဖြင့် ထိုင်းနိုင်ငံ ကန်ချနပူရီမြို့တွင် ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၁ နာရီ ဖမ်းဆီးခံရကြောင်း ထိုင်း ပတ္တရာသတင်းဌာနက သတင်းဖော်ပြသည်။
ထရပ်ကားဖြင့် အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော ရခိုင်ပြည်သူများမှာ ကန်ချနပူရီရဲတပ်ဖွဲ့က စစ်ဆေးရေးပြုလုပ်နေချိန် ထိပ်တိုက်တွေ့ဆုံပြီးနောက် ထရပ်ကားစွန့်ပစ်ပြီး တောအုပ်ထဲ၌ ပုန်းအောင်းနေခဲ့ကြသည်။
သို့သော်လည်း ထိုင်းရဲတပ်ဖွဲ့က ထရပ်ကားကို စစ်ဆေးကြည့်ရာ ကားပေါ်မှာ ခရီးသည်အိတ်အများအပြားကို တွေ့ပြီးနောက် အနီးအနားတောအုပ်အား ဝင်ရောက်ရှာဖွေရာမှာ နယ်စပ်ဖြတ်ကျော်လာသူများကို ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
အဆိုပါ အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်လာသူ မြန်မာနိုင်ငံသား ၈၄ ဦးမှာ ရခိုင်ပြည်မှ ဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့က အတည်ပြုထားသော်လည်း ရခိုင်ပြည် မည်သည့်မြို့နယ် မည်သည့်ကျေးရွာက ဖြစ်ကြောင်းကို ထုတ်ဖော်ပြောဆိုထားခြင်းမရှိပေ။
မြန်မာ-ထိုင်းနယ်စပ် ဆန်ခလဘူရီမြစ်ဆိပ်ကမ်းကို စက်လှေများဖြင့် ဝင်ရောက်လာပြီး တောအုပ်များကို ခြေကျင်လျှောက်ပြီးနောက် မလေး-ထိုင်းနယ်စပ်ကို ထရပ်ကားဖြင့် သွားရောက်ချိန် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
ပွဲစားများမှတစ်ဆင့် မလားရှားနိုင်ငံကို သွားရောက်ရန် ထိုင်းနိုင်ငံထဲသို့ မည်သည့် အထောက်အထားစာရွက်စာတမ်းများမှ မရှိဘဲ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောဆိုသည်။
ပွဲစားအား ခရီးသည်တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၇၅၀၀၀ ပေးဆောင်ခဲ့ရကြောင်းနှင့် ပွဲစားအဖြစ် ယူဆရသည့် ထရပ်ကား ယာဉ်မောင်းကို ဖမ်းဆီးထားကာ ကားအား ဆက်လက်စစ်ဆေးနေသည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်မှုဖြင့် ဖမ်းဆီးထားသည့် မြန်မာနိုင်ငံ ရခိုင်ပြည်က လူ ၈၄ ဦးကို နယ်မြေခံရဲတပ်ဖွဲ့ထံ စစ်ဆေးရေးအဖွဲ့က လွှဲပြောင်းပေးထားကြောင်းနှင့် ၎င်းတို့အားလုံးကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။
ဓာတ်ပုံ – ထိုင်းနိုင်ငံ ကန်ချနပူရီမြို့မှာ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများ။