ရွှေဘို၊ သပြေသာရွာကို ဝင်ရောက်စီးနင်းသည့် ပျူစောထီး အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ပစ်ခတ်မှုဖြစ်ကာ ပျူစောထီး ၄ ဦး သေဆုံး၊ နေအိမ် ၃၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သပြေသာရွာကို ဝင်ရောက်စီးနင်းသည့် ပျူစောထီး အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ပစ်ခတ်မှုဖြစ်ကာ ပျူစောထီး ၄ ဦး သေဆုံးပြီး နေအိမ် ၃၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၉ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ မြင်းချင်း၊ ဇီးကုန်းနှင့် ပန်းရံ ကျေးရွာများမှ ပျူစောထီး အင်အား ၃၀၀ ခန့်သည် သပြေသာရွာကို ဝင်ရောက်စီးနင်းစဉ် ပျူစောထီး အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ပစ်ခတ်မှုဖြစ်ကာ ပျူစောထီး ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းသိရသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူပိုင် နေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပျူစောထီး ၄ ဦး၏ ရုပ်အလောင်းများကိုလည်း ကျေးရွာအတွင်း စွန့်ပစ်ခဲ့ကြောင်း သိရှိရသည်။
“သပြေသာ ကျေးရွာကို ဘာတိုက်ပွဲမှ မရှိဘဲနဲ့ ရွာကို မီးဝင်ရှို့သွားတယ်။ ပျူစောထီး အင်အား ၃၀၀ လောက်ပေါင်းပြီးတော့ ရွာကိုမီးရှို့သွားတာပေါ့။ ရွာထဲမှာ အလောင်း ၄ လောင်းလည်းတွေ့တယ်။ သေဆုံးသူ ၄ ဦးက သူတို့ ပျူစောထီး အချင်းချင်း ပြဿနာဖြစ်ပြီး ပြန်ပစ်သတ်ခဲ့တာလို့ သတင်းအတိအကျရတယ်။ အိမ်ခြေ ၃၀ နီးပါး မီးရှို့ဖျက်ဆီးသွားတယ်။ ပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာမရှိဘူး။ သူတို့ ပျူစောထီး အချင်းချင်း စကားများပြီး သတ်ပစ်ခဲ့တာကို ရွာထဲမှာ အလောင်းတွေ့တယ်။ အဲတာကို ရွာကလူတွေ လုပ်ပါတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ရွာကို မီးရှို့သွားတာ” ဟု ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။