ပခုက္ကူမြို့ပေါ်တွင် တပ်မ ၁၀၁ မှ အိမ်စီးကားဖြင့် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံး
မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်တွင် တပ်မ ၁၀၁ မှ အိမ်စီးကားဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့ကြောင်း Shwe Nyar Myae PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီခန့်တွင် ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ထွက်လာသော စစ်ကောင်စီ တပ်သား ၅ ဦးလိုက်ပါလာသည့် အိမ်စီးကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက သီတာလမ်းနှင့် မြို့ရှောင်လမ်းအနီးတွင် အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း ပစ်ခတ် တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး ၁ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေး တပ်ဖွဲ့များက လက်နက်များ ကောက်ယူနိုင်ရန် ကြိုးစားခဲ့သော်လည်း ကားမှာ အရှိန်လွန်ပြီး စစ်တပ်ဂိတ်အနီး ထိုးရပ်သွားကြောင့် ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။
“ပခုက္ကူမြို့ပေါ်ထိ တက်ပစ်ခဲ့တာပါ။ လက်နက်တွေတော့ မရခဲ့ဘူး။ ကားကအရှိန်လွန်ပြီး ခွေးဂိတ်နား သွားရပ်လို့ ဂိတ်နားလေးမှာပဲ အနီးကပ် ပစ်တာဆိုတော့ သွားမကောက်ခဲ့ရဘူး။ ကားပေါ်ပါလာတဲ့ အကြမ်းဖက် စစ်ခွေး ၄ ကောင်သေတယ်။ ၁ ကောင်ကတော့ ပြင်းထန်ဒဏ်ရာရတယ်လို့ သိရတယ်” ဟု Shwe Nyar Myae PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စီးနင်းလာသည့် အိမ်စီးကားကို ကရိန်းကားဖြင့် လာရောက်ဆွဲယူသွားပြီး စစ်ကောင်စီ တပ်သားများက ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၃ တပ်ခွဲ (၄) နှင့် Shwe Nyar Myae PDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။