ကျောက်ထုမြို့ပေါ်ရှိ စစ်တပ်ကို ရဟတ်ယာဉ်ဖြင့် လက်နက်ခဲယမ်းများ လာချစဉ် ပစ်ခတ်ခံရမည် စိုးရိမ်၍ စစ်တပ်က မြို့ပတ်ဝန်းကျင်ကို လေယာဉ်ဖြင့် ပစ်ခတ်၊ မတ္တရာ ထန်းပင်ကုန်းရွာကိုလည်း စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်
ရန်ကုန်၊ ဒီဇင်ဘာ ၂၇
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်ကို ရဟတ်ယာဉ်ဖြင့် လက်နက်ခဲယမ်းများ လာချစဉ် ပစ်ခတ်ခံရမည် စိုးရိမ်၍ စစ်တပ်က မြို့ပတ်ဝန်းကျင်ကို လေယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ယောအလင်းတန်းမှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၅၀ မိနစ်ခန့်တွင် ဆောမြို့နယ်၊ ကျောက်ထုမြို့ လေယာဉ် ကွင်းအတွင်းသို့ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော Mi 17 ထောက်ပို့ရဟတ်ယာဉ်ဆင်းသက်ခဲ့ကြောင်း၊ ထိုသို့ ဆင်းသက်နိုင်ရန် မကွေးလေတပ်မှ တက်လာသော MIG 29 ဂျက်ဖိုက်တာ ၂ စီးဖြင့် ကျောက်ထုမြို့ပတ်ပတ်လည်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“အဓိကတော့ ထောက်ပို့လေယာဉ်ဆင်းလို့ရအောင် ကာဗာယူတဲ့သဘော၊ ဗုံးကျဲတာမဟုတ်ဘူး။ ပစ်ခတ်သွားတာ၊ အဓိကတော့ AA ကိုကြောက်တာ။ ရှိနိုင်မယ်ထင်တဲ့နေရာတွေ ရမ်းပစ်သွားတာ။ လေယာဉ်က မနေ့က ဆင်းဖို့ပဲ။ သတင်းပေါက်သွားလို့ မဆင်းပဲ ဒီနေ့မှ ဆင်းတာ။ လေကြောင်း တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ထိခိုက်ပျက်စီးမှုနောက်တွဲ သတင်းမကြားမိသေးဘူး” ဟု ယောအလင်း တန်းမှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ထိခိုက်ပျက်စီးမှုကို စုံစမ်း နေဆဲ ဖြစ်ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသည့် Mi 17 ထောက်ပို့လေယာဉ် ဆင်း သက်ချိန်သည်လည်း ၁၀ မိနစ်သာကြာမြင့်ခဲ့ကြောင်း၊ ထို့ကြောင့် မည်သည့်အရာများ ထောက်ပို့ခဲ့ ပြီး မည်သည့်အရာများ တင်ဆောင်သွားသည်ကို သိရှိရခြင်းမရှိသေးကြောင်း သိရသည်။
အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းရွာ အနီးတဝိုက်ကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Voice of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မတ္တရာမြို့နယ်အရှေ့ခြမ်း၊ ထန်းပင်ကုန်းရွာအနီးကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှု အခြေအနေနှင့် ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။