ကျောက်နီမော်ဒေသတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က အနီးအနားရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ဒေသတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က အနီးအနားရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့မှ စတင်ပြီး လောင်းလုံးမြိုန့ယ်၊ ကျောက်နီမော်ရှိ အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်ပြီး ထိတွေ့ တိုက်ပွဲများသည် ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ထိ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် ကျောက်နီမော်ဒေသကို ရေကြောင်းပါ အသုံးပြုပြီး လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းများ ဆက်တိုက် လုပ်ဆောင်နေကြောင်း၊ ထို့ပြင် ထားဝယ်မြစ်အတွင်း စစ်သင်္ဘောများလည်း ရောက်ရှိနေပြီး တပ်အင်အားဖြည့်တင်းရန် စစ်သင်္ဘောပေါ်တွင် တပ်သား အင်အား အလုံးအရင်းပါ လိုက်ပါလာကြောင်း သိရှိရသည်။
ထို့ပြင် လေကြောင်းမှလည်း ဆက်တိုက် ဗုံးကျဲနေပြီး မြေပြင် လက်နက်ကြီးပစ်ကူများဖြင့်လည်း ဆက်တိုက် တိုက်ခိုက်နေကြောင်း၊ အဆိုပါ ကျောက်နီမော် ဒေသကို အကြမ်းဖက် စစ်တပ်က ကြည်း၊ ရေ၊ လေ စစ်ဆင်ရေးဖြင့် ခုခံ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တိုက်ပွဲအတွင်းအထိနာပြီး အနီးအနားရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ကျောက်နီမော် အနီးရှိ ကျေးရွာ ၁၀ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း သိရှိရသည်။
“စစ်ခွေးတွေ မီးရှို့ပြီး ထွက်ပြေးတာတွေတော့ရှိတယ်။ အနီးအနာရွာက ပြည်သူတွေ အကုန်လုံး ပြေးနေရပြီ ကျေးရွာ ၁၀ ကျော်လောက်ရှိမယ်ထင်တယ်။ ရွာလုံးကျွတ်ကို ပြေးနေရတာ အကုန်လုံးနီးပါး မရှိတော့ဘူး။ ကျောက်နီမှော်နားက ရွာတွေပေါ့။ စစ်ခွေးတွေက အနီးအနားရွာတွေကိုပါ စစ်သင်္ဘောတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတာဆိုတော့ ပြည်သူတွေ ရွာလုံးကျွတ်ပြေးနေရတာ လူဦးရေထောင်ဂဏန်းလောက်ရှိမယ်။ တိုက်ပွဲက ဆက်တိုက်ကို ဖြစ်နေတုန်းပဲ ဒီနေ့တော့ ငြိမ်နေပေမယ့် ပြင်းထန်လာအုန်းမယ်ထင်တယ်” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်ကပြောဆိုသည်။