စစ်တွေမြို့နယ်၊ ရန်ကုန်-စစ်တွေ ကားလမ်းပိုင်းရှိ စစ်တပ်စခန်းတချို့ကို AA က စတင် ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ ဖြစ်ပွား
ရခိုင်ပြည်၏ မြို့တော် စစ်တွေမြို့နယ်၊ အစွန်ဘက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းတချို့ကို AA က စတင် ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်နှင့် စစ်ရေး သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။
ယခင်ရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်သင်္ဘောများကို AA က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာမှ ယခုအခါ ရန်ကုန်-စစ်တွေကားလမ်း တစ်လျှောက်တွင် AA တပ်များက စစ်ကောင်စီတပ်စခန်းများ၊ ဂိတ်များကို စတင်တိုက်ခိုက်လာခြင်းဖြစ်ကြောင်း၊ ယမန်နေ့ ကျားမသောက် စစ်ဆေးရးဂိတ်အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
“ရန်ကုန်-စစ်တွေ လမ်းပိုင်းဘက်မှာ စပြီး တိုက်ပွဲဖြစ်တယ်။ အဲဒီဘက်မှာက စစ်ကောင်စီတပ်ရင်းတွေ ရှိတယ်။။ စစ်တွေဒကစလည်းရှိတယ်။ ခမရ ၃၄၄ ၊ ခလရ ၂၃၂ နဲ့ အခြားတပ်တွေရှိတယ်။ စစ်တွေမြို့ကို စစ်တပ် တပ်ရင်းတွေက ကာထားတာ။ ကုန်းလမ်းကတော့ AA က သိမ်းပိုက်ထားလို့ ပြတ်တောက်နေပြီးသားပါ။ လေ ကြောင်းနဲ့ ရေကြောင်းကပဲ စစ်တွေကိုသွားလို့ရပါတယ်”ဟု ဒေသသတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ တိုက်ပွဲများကြောင့် ရန်ကုန်-စစ်တွေ လမ်းတလျှောက်ရှိ ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယင်းကျေးရွာများတွင် ယခင်ကတည်းက ဒေသပြည်သူများ ပြောင်းရွှေ့ခဲ့ကြသဖြင့် လူနေထိုင်မှုနည်းပါးနေသော ကျေးရွာများဖြစ်ကြောင်း သိရှိရသည်။
တပ်သတင်းရင်းမြစ်တချို့ကမူ စစ်တွေတွင် စစ်တပ်က အင်အား ထောင်ချီ ချထားကြောင်း၊ စစ်မှုထမ်း တပ်သားသစ်များ၊ တိုက် ခိုက်ရေးတပ်များ၊ ပြည်သူ့စစ်များ ၊ လက်ရုံးတပ်များကို စစ်တွေမြို့သို့ လက်နက်ခဲယမ်း၊ ရိက္ခာ အများအပြားဖြင့် ပို့ဆောင်ထားကြောင်း၊ ယင်းအပြင် စစ်သင်္ဘောများကိုလည်း စစ်တွေမြို့ကို ခုခံနိုင်ရန်အတွက် ပို့ဆောင်ထားကြောင်း ပြောဆိုသည်။
ဓာတ်ပုံ- ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ထိုးစစ်ဆင်ခဲ့စဉ်။