စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ပြီး စစ်အာဏာ ရှင်စနစ် ချုပ်ငြိမ်းရေး ပြည်သူနှင့်အတူ ရပ်တည်မည်ဟု တအာင်း (ပလောင်) အမျိုးသားပါတီက ကြေညာ
အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် တည် ဆောက်ရေး ပြည်သူနှင့်အတူ ရပ်တည်မည်ဟု တအာင်း (ပလောင်) အမျိုး သားပါတီက ထုတ်ပြန် ကြေညာသည်။
တအာင်း(ပလောင်)အမျိုးသားပါတီ ညီလာခံကျင်းပခဲ့ပြီးနောက် တအာင်း(ပလောင်)အမျိုးသားပါတီ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီက ဦးဆောင်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း၊ နွေဦးတော်လှန်ရေး၊ ၁ဝ၂၇ စစ်ဆင်ရေးနှင့် အခြားတိုင်းရင်းသားတော်လှန်ရေးအင်အားစုတို့မှ စစ်အာဏာရှင်အမြစ်ပြတ် ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းလုပ်ဆောင်မှုများနှင့် အောင်မြင်မှုများ ရရှိခြင်းတို့အပေါ် ကြိုဆိုကြောင်း ကြေညာခြင်းဖြစ်သည်။
တအာင်း(ပလောင်)အမျိုးသားပါတီအနေဖြင့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC က ဦးဆောင်အကောင်အထည်ဖော်မည့် နိုင်ငံရေး လမ်းပြမြေပုံအဆင့်ဆင့်တိုင်းတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုမှ ဦးဆောင်သည့် နွေဦးတော်လှန်ရေး၏ အန္တိမပန်းတိုင်ဖြစ်သည့် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ် ဟူသမျှ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည် ဆောက်ရေးတို့အတွက် ပြည်သူတစ်ရပ်လုံးနှင့် အတူရပ်တည်ပြီး ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက် ကြေညာထားသည်။
ဒီဇင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင် တအာင်း(ပလောင်)အမျိုးသားပါတီ ညီလာခံကို ကျင်းပခဲ့ခြင်းဖြစ်ပြီး ပါတီဗဟိုကော်မတီဝင်များ၊ အရပ်ဖက်အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များနှင့် လေ့လာသူများ စုစုပေါင်း ၉၃ ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ တအာင်း(ပလောင်)အမျိုးသားပါတီ ညီလာခံသည် တတိယအကြိမ်မြောက်ကျင်းပခြင်း ဖြစ်ပြီး ပါတီ၏ စတုတ္ထသက်တမ်းတွင် ဆက်လက်တာဝန် ထမ်းဆောင်မည့် ဗဟိုကော်မတီဝင် ၃၈ ဦး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၂၁ ဦးနှင့် ဗဟိုဥက္ကဌအဖွဲ့၊ အထွေ ထွေအတွင်းရေးမှူးအဖွဲ့တို့ကိုပါ တစ်ပါးတည်း ဒီမိုကရေစီကျင့်စဉ်ဖြစ်သည့် လျှို့ဝှက် ဆန္ဒမဲပေးစနစ်ဖြင့် ရွေးချယ် တင်မြောက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
တအောင်း (ပလောင်) အမျိုးသားပါတီကို ၂၀၁၀ ခုနှစ် မေလ ၂၄ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် အထွေ ထွေ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမတ်နေရာအများအပြား အနိုင်ရရှိခဲ့သော ပလောင် တိုင်းရင်းသားနိုင်ငံရေးပါတီတစ်ခုဖြစ်သည်။