27 C
Yangon

ရန်ကုန်တွင် လူငယ်များ ပျောက်ဆုံးမှု ဆက်တိုက် များပြားလာပြီး မန္တလေးတိုင်းတွင် လူငယ်များကို ဖမ်းဆီးကာ တစ်ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ဖြင့် စစ်တပ်က ပြန်ရွေးခိုင်း

Must read

ရန်ကုန်တွင် လူငယ်များ ပျောက်ဆုံးမှု ဆက်တိုက် များပြားလာပြီး မန္တလေးတိုင်းတွင် လူငယ်များကို ဖမ်းဆီးကာ တစ်ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ဖြင့် စစ်တပ်က ပြန်ရွေးခိုင်း

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ရန်ကုန်မြို့တွင် လူငယ်များ ပျောက်ဆုံးမှု ဆက်တိုက် များပြားလာပြီး စဉ့်ကိုင်တွင်လည်း အကြမ်းဖက် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေကျပ် သိန်း ၁၀၀ ဖြင့် ပြန်ရွေးခိုင်းကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မြောက်ဥက္ကလာမြို့နယ်၌ နေထိုင်သော ကိုကျော်ထက်ဝင်းသည် မိခင်ဖြစ်သူကို အပြင်ခဏ သွားမည်ဟု ပြောဆို၍ ထွက်သွားစဉ် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း၊ ထိုသို့ ပျောက်ဆုံးသွားပြီးနောက် မိခင်ဖြစ်သူက ဖုန်းဆက်တိုက် ခေါ်သော်လည်း ဖုန်းကိုင်ခြင်းမရှိဘဲ စက်ပိတ်လိုက်ကြောင်း သိရသည်။

အလားတူ လှိုင်သာယာမြို့နယ်၊ ဂိတ်ဟောင်း ဆရာစံလမ်းတွင် နေထိုင်သော နယ်မှ အလုပ်လာလုပ်သည့် ကို နော်ဝေထွန်းသည်လည်း စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပျောက်ဆုံးသွားပြီး လက်ရှိချိန်ထိ ပြန်တွေ့ခြင်းမရှိသေးကြောင်း၊ မိသားစုဝင်များသည်လည်း နယ်တွင် နေထိုင်သူများဖြစ်သောကြောင့် သားဖြစ်သူ၏ ပျောက်ဆုံးမှုကို လိုက်လံ စုံစမ်းရန် ခက်ခဲနေကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ ညပိုင်းတွင် မြောက်ဒဂုံမြို့နယ် မှ တောင်ဥက္ကလာမြို့နယ်ကို ပြန်လာသည့် အသက် ၃၇ နှစ်အရွယ် ကိုရန်နိုင်ဦးသည်လည်း နေအိမ်ပြန်သည့် လမ်း၌ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုရန်ပိုင်ဦးသည် သူငယ်ချင်းများနှင့် အတူ ဘီယာဆိုင်တွင် ထိုင်ပြီး နေအိမ်ကို အပြန်၌ သူငယ်ချင်းနှင့် အဆက်အသွယ် ရသော်လည်း ပျောက်ဆုံးသွားချိန်တွင် ဖုန်းစက်ပိတ်ထားကြောင်း သိရှိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်ရှိ ကျေးရွာများမှ လူငယ်များကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေကျပ် သိန်း ၁၀၀ ဖြင့် ပြန်ရွေးခိုင်းကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် စဉ့်ကိုင်းမြို့ပေါ်နှင့် ကျေးရွာများကို ဆက်တိုက် ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းဖြစ်ပြီး ငွေကြေး ချမ်းသာသည့် လူငယ်များ၏ မိသားစုဝင်များထံမှ ငွေကျပ် သိန်း ၅၀ မှ သိန်း ၁၀၀ ထိတောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။

“ရွာသူရွာသားတွေလည်း အရမ်းကြောက်နေကြပါတယ်။ အရင်တုန်းကလည်း ၇ ခါရှိပြီ ပေါ်တာဝင်ဆွဲနေတာ တစ်ခါဆွဲရင် ၁၀ ဦးလောက် အမြဲတမ်း ပါပါသွားတယ်။ တချို့ ပိုက်ဆံရှိတဲ့သူတွေ လိုက်ရွေးရင် ငွေကျပ် သိန်း ၅၀ ကနေ သိန်း ၁၀၀ ဝန်းကျင်ပေးပြီး ပြန်ထုတ်ရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

စဉ့်ကိုင်မြို့နယ်ရှိ ကျေးရွာများတွင်လည်း အကြမ်းဖက် စစ်သား၊ ရဲ၊ ထွေ/အုပ် နှင့် ပျူစောထီးများက ကျေးရွာတစ်ရွာလျှင် စစ်မှုထမ်းကြေး ၁ လလျှင် ငွေကျပ် ၈၅ သိန်း တောင်းခံကြောင်း၊ ငွေကြေးမပေးသည့် ကျေးရွာများကို အငြိုးထားပြီး ပေါ်တာဆွဲမညဟု ခြိမ်းခြောက်ပြောဆိုခြင်းများ ရှိကြောင်း သိရသည်။

ကျေးရွာနေ ပြည်သူများသည် လက်ရှိချိန်တွင် စားဝတ်နေရေး ခက်ခဲနေပြီး ငွေကျပ် ၁၀၀၀ ပေးနိုင်ရန်ပင် ခက်ခဲနေကြောင်း၊ စစ်မှုထမ်းရမည့် အရွယ်မရှိသည့် နေအိမ်များမှ ပိုက်ဆံမပေးသည့် ပြည်သူများကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အိမ်ထောင်စုစာရင်း မှတ်ယူသွားပြီး အငြိုးထား၍ ရန်ရှာမှုများရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယခုရက်ပိုင်းအတွင်း ပျောက်ဆုံးနေသော လူငယ်များ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article