23 C
Yangon

မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်တွင် ယမန်နေ့ညပိုင်း စစ်ကောင်စီ၏ အထူး တပ်ဖွဲ့က စစ်ဆင်ရေးပုံစံဖြင့် ဧည့်စာရင်းဝင်စစ်ပြီး ရခိုင်လူငယ် ၁၀ ဦးအပါအဝင် လူငယ် အများအပြား ကို ဖမ်းဆီးသွား၊ တံခါးမဖွင့်သည့် အိမ်များကို ရိုက်ချိုးဖွင့်

Must read

မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်တွင် ယမန်နေ့ညပိုင်း စစ်ကောင်စီ၏ အထူး တပ်ဖွဲ့က စစ်ဆင်ရေးပုံစံဖြင့် ဧည့်စာရင်းဝင်စစ်ပြီး ရခိုင်လူငယ် ၁၀ ဦးအပါအဝင် လူငယ် အများအပြား ကို ဖမ်းဆီးသွား၊ တံခါးမဖွင့်သည့် အိမ်များကို ရိုက်ချိုးဖွင့်

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမျတ် ၂ ရပ်ကွက်တွင် ယမန်နေ့ညပိုင်း စစ်ကောင်စီ၏ အထူး တပ်ဖွဲ့က စစ်ဆင်ရေးပုံစံဖြင့် ဧည့်စာရင်းဝင်စစ်ပြီး ရခိုင်လူငယ် ၁၀ ဦး အပါအဝင် လူငယ်အများအပြားကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဒီ မနက် ၁ နာရီလောက် ဓနသိဒိလမ်း ၂ ရပ်ကွက်ထဲကို စစ်သားနဲ့ ရဲက ရာချီတယ်။ အထူးတပ်ဖွဲ့က လူတွေတဲ့။ တိုက်တွေပေါ် အကုန်တက်တယ်။ ရခိုင်လူငယ် ၁၀ ဦးလောက် အဖမ်းခံရတာ​ တွေ့ရတယ်။ ဧည့်စာရင်းလည်းတိုင်ထားတာကို ဖမ်းတာ။ အခြား ဧည့်စာရင်းမတိုင်တဲ့ ပြည်သူတွေလည်း အဖမ်းခံရတယ်။ အချုပ်ကားတွေ ရဲကား၊ စစ်ကားတွေအများကြီးနဲ့ ရပ်ကွက်နဲ့ လမ်းကို ပိတ်ပြီး ဧည့်စာရင်းစစ်တာ” ဟု မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက် ၊ မုဒိတာ အိမ်ရာ ၁ အတွင်းတွင်လည်း အခန်းအားလုံးကို ဝင်ရောက် စစ်ဆေးပြီး ဧည့်စာရင်း တိုင်ထားသူမှန်သမျှကို ရပ်ကွက်ရုံးသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

“မုဒိတာ အိမ်ရာ ၁ ကိုတော့ အဝင်အထွက်တွေ ပိတ်ပြီး စစ်တာ။ ဒီမနက်မှ ပြန်သိရတာက အမှတ် ၂ ရပ်ကွက် တစ်ခုလုံးကို စစ်ဆေးတာ။ မသင်္ကာတဲ့အိမ်တွေဆိုရင် ခြင်ထောင်ပါလှန်စစ်တယ်။ ဆန်အိုးတွေ ဖွင့်ကြည့်တယ်။ လက်နက်ခဲယမ်း ရှာတာလို့ ပြောတယ်” ဟု မုဒိတာ အိမ်ရာ ၁ မှ ပြည်သူတစ်ဦးက ဆိုသည်။

ဧည့်စာရင်း စစ်ဆေးသည့် စစ်ကောင်စီ၏ အထူးတပ်ဖွဲ့မှာ မရမ်းကုန်းမြို့နယ် အမှတ် ၂ ရပ်ကွက်ရုံးမှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့ ပါဝင်ခြင်းမရှိဘဲ ကွင်းဆင်း၍ စစ်ဆင်ရေးပုံစံဖြင့် ဝင်ရောက် စစ်ဆေးခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ဆိုကြသည်။

“ရဲ နဲ့ စစ်သား အယောက် ၄၀၀ ကျော် တိုက်တွေ အကုန်လုံး ဝင်တာ။ မုဒိတာအိမ်ယာထဲက အများဆုံး အဖမ်းခံရတာ။ မော်တော်ပီကယ်ပါတယ်။ အရန်မီးသတ် အနည်းငယ်ပါတယ်။ စစ်ကားတွေ ရဲကားတွေ အရေးပေါ်ကားတွေရော အဆင်သင့် ထားတာ။ တံခါးပိတ်ထားတဲ့ အခန်းတွေကစ အကုန်ရိုက်ချိုးသွားတာ။ တစ်နေ့က ဗဟိုလမ်းမပေါ် Apollo Hotel ရှေ့အပစ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ၁ ရပ်ကွက်လုံးကို တစ်တိုက်မကျန် ဝင်စစ်တာ။ ည ၁၂ နာရိကနေ မနက် ၄နာရီ ခွဲမှ အားလုံးပြန်ကုန်တယ်” ဟု မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်မှ ပြည်သူက ဆက်လက်ရှင်းပြသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ညပိုင်း ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article