တောင်ကုတ်မြို့နှင့် ဆက်စပ်နေသော ပဲခူးတိုင်း၊ ပြည်-ပန်းတောင်း လမ်းပိုင်းတွင် စစ်တပ်က လုံခြုံရေးများ တိုးမြှင့်ချထားပြီး ဖြတ်သန်းခွင့် ကန့်သတ်ထား၊ မြို့ပေါ်တွင် ရခိုင်လူမျိုးများ၏ နေအိမ်များကို စစ်တပ်က ပစ်မှတ်ထား စစ်ဆေးနေ
ရန်ကုန်၊ ဒီဇင်ဘာ ၃၀
ပဲခူးတိုင်း၊ ပြည်မြို့သို့ တော်လှန်ရေးတပ်များက တိုက်ခိုက်မည်ကို ကြောက်လန့်၍ အကြမ်းဖက် စစ်တပ်က ပြည်-ပန်းတောင်း လမ်းပိုင်းတွင် ခံစစ် လုံခြုံရေးတိုးမြှင့် ချထားပြီး ဖြတ်သန်းခွင့် ကန့်သတ်ထားကာ မြို့ပေါ်တွင်မူ ရခိုင်လူမျိုးများ၏ နေအိမ်များကို စစ်တပ်က ဧည့်စာရင်း လိုက်လံ စစ်ဆေးနေကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် AA က သိမ်းပိုက်ထားသော တောင်ကုတ်မြို့နယ်နှင့် ထိစပ်နေသော ပြည်-ပန်းတောင်း လမ်းမှတစ်ဆင့် ပြည်မြို့ကို AA နှင့်တော်လှန်ရေးတပ်များ ဝင်ရောက်လာမည်ကို စစ်တပ်က ကြောက်လန့်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် AA ဝင်ရောက်လာနိုင်သည့် ပြည်-ပန်းတောင်း လမ်းပိုင်းတွင် အင်းမမြို့ အခြေစိုက် အမှတ် ၆၆ ခြေမြန်တပ်မဌာနချုပ်မှ စစ်သားများဖြင့် အင်အား အလုံးအရင်း ခံစစ်ပြင်ဆင်နေကြောင်း၊ ပြည်-ပန်းတောင်း လမ်းပိုင်းကိုလည်း ဖြတ်သန်းခွင့် ကန့်သတ်ထားပြီး လုံခြုံရေး ပိုမိုတင်းကြပ်ခြင်း၊ ကားများကို အကြောင်းမဲ့ ပြန်လှည့်ခိုင်းခြင်းနှင့် အကြောင်းမဲ့ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်သည် ရခိုင်ပြည်နယ် တောင်ကုတ် မြို့နယ်၊ မကွေးတိုင်း ကံမမြို့နယ်၊ ဧရာဝတီတိုင်း ကြံခင်းမြို့နယ် တို့နှင့် နယ်နိမိတ် ထိစပ်နေခြင်းကြောင့် ပြည်-ပန်းတောင်း လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က နယ်မြေစိုးမိုးနိုင်ရေး အပြင်းအထန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ပြည်မြို့ပေါ်ရှိ ရပ်ကွက်များတွင် နေထိုင်သော ရခိုင်လူမျိုးများ၏ နေအိမ်များကိုလည်း ပစ်မှတ်ထား ဝင်ရောက် စစ်ဆေးခြင်းများ လုပ်ဆောင်နေကာ မြို့ပေါ် လုံခြုံရေးကိုလည်း ပိုမိုတင်းကြပ်ထားကြောင်းသိရသည်။
“ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဒေသတွေကို ချိတ်ဆက်သွားလာနေတဲ့ လမ်းပိုင်းတွေကို စစ်တပ်က သွားလာခွင့်ကန့်သတ်နေပြီ ပြည်-ပန်းတောင်း လမ်းပိုင်းမှာ အကြီးအကျယ်ခံစစ်ပြင်နေတယ်။ တပ်မ ၆၆ ကို အင်အား အလုံးအရင်းနဲ့ သုံးနေတယ်။ ပြည်မြို့ကို AA က တိုက်ခိုက်မှာကို စစ်တပ်က အသေကြောက်လန့်နေတာ ရခိုင်စစ်မီး ကူးလာမယ်လို့ စစ်တပ်က တွက်နေတယ်။ ပဲခူးတိုင်းမှာ PDF က အား အရမ်းကောင်းနေတော့ AA နဲ့ PDF ပေါင်းမိသွားမှာကို စစ်တပ်က အသေကြောက်နေတာ သူတို့ ရှိသမျှ အင်အား အကုန်ထုတ်သုံးမယ့် အခြေအနေရှိတယ်။ လက်နက်ကြီးတွေပါ ထပ်ပြီး အင်အား ဖြည့်တင်းထားတယ်လို့ သိရတယ်။ ဗျူဟာမှူးတွေလည်း ကြို့ပင်ကောက်မြို့နယ်ထဲရောက်နေပြီး အထိုင်ချနေတယ်။ သာယာဝတီထိကို ဆင်းလာပြီး ပြည်ကို လုံခြုံအောင်ကာမယ့် အခြေအနေပဲ” ဟု ဒေသသတင်းရင်းမြစ်ကပြောဆိုသည်။
ထို့ပြင် သာယာဝတီခရိုင်အတွင်း သာယာဝတီမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ မိုးညိုမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ နတ်တလင်းမြို့နယ်နှင့် ဇီးကုန်းမြို့နယ်တို့တွင်လည်း အကြမ်းဖက် စစ်တပ် တပ်မ ၇၇ နှင့် တပ်မ ၁၀၁ တို့မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်ဖြန့်ထားကြောင်း သိရသည်။
ယင်းသို့ တပ်ဖြန့်ထားခြင်းသည် ပြည်-ပန်းတောင်း လမ်းပိုင်း၌ တိုက်ပွဲများ ဖြစ်ပွားလျှင် စစ်ကူပေးနိုင်ရန်နှင့် သာယာဝတီခရိုင် အတွင်းမှ PDF တပ်ဖွဲ့များ ပြည်ခရိုင်အတွင်း သွားရောက် ပေါင်းစည်းခြင်း မပြုလုပ်ရန် အကြမ်းဖက် စစ်တပ်က လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“စစ်ခွေးတွေ ခံစစ်ပြင်နေတာကတော့ ပြည်ဘက်မှာဆိုပေမယ့် သာယာဝတီခရိုင်ထဲမှာလည်း တပ်မ ၇၇ နဲ့ တပ်မ ၁၀၁ ကို တပ်ဖြန့်ထားတယ်။ အဓိကကတော့ သာယာဝတီခရိုင်က PDF တွေနဲ့ ပြည်ဘက်က အဖွဲ့တွေ သွားပေါင်းလို့မရအောင် တားဖို့နဲ့ စစ်ကူပေးနိုင်အောင်လို့ ကြိုပြင်ဆင်ထားတဲ့ သ ဘော ပေါ့။ သာယာဝတီက ခလရ ၃၅ တပ်ရင်းနဲ့ ဓမ္မသုခ ကျောင်းတိုက်မှာ စစ်ခွေးတော်တော်များများရှိနေတယ်။ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေလည်း အများအပြား ဖြည့်တင်းနေတယ်” ဟု ဒေသတွင်း တော်လှန်ရေး သတင်ရင်းမြစ်က ပြောဆိုသည်။
ဓာတ်ပုံ- ဧည့်စာရင်းစစ်ဆေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။