ချင်းပြည် ပြန်လည်ပေါင်းစည်းရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းသွားမည် ချင်းညီနောင် အဖွဲ့ ကြေညာ
CNF/CNA ဦးဆောင်သော ချင်းလဲန်းကောင်စီနှင့် ချင်းညီနောင်တို့ကြောင့် ကွဲနေသော ချင်းပြည်ကို ပြန်လည်ပေါင်းစည်းရေးနှင့် ချင်းလူမျိုးများ သွေးစည်းညီညွတ်ရေးကို ကြိုးပမ်းမည်ဟု ယနေ့ ဒီဇင်ဘာလ ၃၀ ရက်၌ ပြုလုပ်သည့် ချင်းညီနောင်အဖွဲ့ ဖွဲ့စည်းခြင်း ၁ နှစ်ပြည့်အခမ်းအနားတွင် ချင်းညီနောင်အဖွဲ့ အတွင်းရေးမှူး R.LAKHER က ပြောဆိုလိုက်သည်။
“ချင်းမှာ နှစ်ဖွဲ့ကွဲနေတာ အားလုံးသိပြီးသား ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ချင်းပြည်ပြန်လည်ပေါင်းစည်းရေးအတွက် ပြည်တွင်း၊ ပြည်ပက အဖွဲ့အစည်း ၇ ခုလောက်နဲ့ တစိုက်မတ်မတ် လုပ်ဆောင်နေတာမျိုး ရှိပါတယ်” ဟု ချင်းညီနောင်အဖွဲ့ အတွင်းရေးမှူး R.LAKHER က ပြောဆိုသည်။
ချင်းညီနောင် CB သည် ရေရှည်တည်တံ့ခိုင်မြဲသော ချင်းပြည်ပြန်လည်ပေါင်းစည်းရေးနှင့် ချင်းလူမျိုးများသွေးစည်းညီညွှတ်ရေးကို လိုလားကြောင်းနှင့် ချင်းပြည် ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းသော မည့်သည့်အဖွဲ့အစည်း (Third Parties) နှင့်မဆို ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် ICNCC/CB လုပ်ငန်းကော်မတီကို ဖွဲ့စည်းထားကြောင်း သိရသည်။
ချင်းပြည် ကွဲပြဲသွားရခြင်းသည် CNF/CNA အဖွဲ့က ချင်းလဲန်းကောင်စီအမည်အား ယူသုံးပြီး အချိုးမညီစွာဖြင့် စောစီးစွာ ဖွဲ့စည်းလိုက်ခြင်း၊ ပါဝင်ထိုက်သူများအားလုံး မပါဝင်ခြင်း၊ ချင်းမျိုးနွယ်စုပါဝင်မှု အချိုးမညီမျှခြင်းနှင့် ချင်းလဲန်းကောင်စီတွင် CNF/CNA မှ နေရာအများစုကို ရယူထားခြင်းတို့ကြောင့် ဖြစ်ရသည်ဟု ချင်းညီနောင်အဖွဲ့က ပြောသည်။
ချင်းပြည်ပြန်လည် ပေါင်းစည်းရေးအတွက် ICNCC/CB ၏ ပေါင်းစည်းရေးဆိုင်ရာ နိုင်ငံရေးရပ်တည်ချက်နှင့် မူဝါဒများကိုလည်း ပြင်ဆင်ရေးဆွဲထားပြီးဖြစ်ကြောင်း သိရသည်။
ချင်းညီနောင်ဖွဲ့စည်းခဲ့သည့် တစ်နှစ်တာအတွင်းမှာ ချင်းပြည်ရှိ မြို့နယ် ၉ မြို့နယ်ရှိသည့်အနက် ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက် စသည့် မြို့ကြီး ၄ မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖလမ်းမြို့ကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
‘ချင်းညီနောင်’ ဖွဲ့စည်းတည်ထောင်ခြင်း ၁ နှစ်ပြည့် အခမ်းအနားမှာ NUG ယာယီသမ္မတ၊ NUG ဝန်ကြီး၊ BPLA (ဗမာအမျိုးသားလွတ်မြောက်ရေးတပ်) ကွပ်ကဲရေးမှူး၊ BNRA တာဝန်ရှိသူ၊ ယောကာကွယ်ရေးတပ် – YDF၊ ယောတပ်တော် – YA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF တာဝန်ရှိသူများနှင့် တော်လှန်ရေးအင်အားစု တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
‘ချင်းညီနောင်’ အဖွဲ့ကို ချင်းတော်လှန်ရေး ၆ ခုဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ကာ အခြားသော တိုင်းရင်းသားမဟာမိတ်တော်လှန်ရေးအဖွဲ့များဖြင့် ချင်းပြည်အတွင်း စစ်ကောင်စီ ကင်းစင်ရေး တိုက်ခိုက်နေကြခြင်းဖြစ်သည်။
ချင်းညီနောင် ၆ ဖွဲ့မှာ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) တို့ ဖြစ်သည်။
Photo – စက်တင်ဘာ ၂၁ ရက်နေ့တွင် ချင်းပြည် အစိုးရအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး CNF နှင့် ကြားကာလ ချင်း အမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC/ချင်းညီနောင် CB အဖွဲ့တို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့စဉ်