မုံရွာနှင့် ချောင်းဦးတွင် စစ်ယာဉ်တန်းများကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ် ယာဉ်တန်းများကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa အဖွဲ့က ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ချောင်းဦးမြို့ထဲမှ ထွက်လာသော သံပြားကာ စစ်ကား ၃ စီးနှင့် အိမ်စီးကား ၁ စီးပါ စစ်ယာဥ်တန်းကို ချောင်းဦး-မုံရွာလမ်းပိုင်း မုံရွေး တိုးဂိတ်အနီးတွင် ၃ စီးမြောက်လိုက်ပါလာသော သံပြာကာ ကားကို အသင့်ထောင်ထားသော ရှေ့ထွက် မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၇ နာရီ ၂၆ မိနစ်ခန့်ကလည်း မုံရွာမြို့ထဲမှ ထွက်လာသော သံပြားကာ စစ်ကား ၂ စီးနှင့် ၆ ဘီးကား တစ်စီးပါ ယာဉ်တန်းကို ထန်းလုံးမိုင်း အကြီးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ ည ၈ နာရီ ၁၇ မိနစ်ခန့်တွင်လည်း အကြမ်းဖက်စစ်ယာဉ် တန်းကို ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာနှင့် ရေပိုးစားကျေးရွာ အကြား အရောက်တွင် ပဒေသာမိုင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ သံပြားကာ ကား ၁ စီးပျက်စီးပြီး စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa ၊ Youth Vigor Revolution Force နှင့် Shining Star Local Defense Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မုံရွာ-မန္တလေးလမ်းပိုင်းကို အသုံးပြုနေကြသော ပြည်သူများ အနေဖြင့် စစ်ကောင်စီ ကားတန်းများနှင့်တွေ့ပါက ခပ်ဝေးဝေးမှရှောင်ရှားကြရန်နှင့် တိုက်ပွဲဖြစ်ပွား နေ များသည်နှင့် ကားများ ရပ်တန့်ပေးကြရန် People’s Defence Force – South Monywa က မေတ္တာရပ်ခံထားသည်။