မြိတ်မြို့နယ်တွင် စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို ၃ ရက်ဆက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံး
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို ၃ ရက်ဆက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မြိတ်အဖွဲ့က တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သတင်းဌာထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မြိတ်မြို့နယ်၊ လသာကျေးရွာ၊ ဘုရားကုန်းအနီး တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ၄၀ မမ ဖြင့် ၂ ကြိမ်ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် တုံဗျောကြီး ကျေးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကိုလည်း ၈၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာလ ၃၀ရက်နေ့တွင်လည်း လသာကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံ သွားရောက် တိုက်ခိုက်ခဲ့ကာ အပြန်အလှန် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်ကျဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင်လည်း လသာကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၁ ကြိမ်၊ နံနက် ၁၀နာရီ ၃၀ မိနစ်ခန့်တွင် ၆၀ မမ ဗုံးသီးဖြင့် ၂ ကြိမ် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ ပြန်လည် ပစ်ခတ်ခဲ့သော်လည်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တော်လှန်ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်းသိရှိရသည်။