25 C
Yangon

စစ်အုပ်စုကိုယ်စားလှယ်များကို ငြင်းပယ်မည်ဖြစ်သလို အတုအ‌ယောင်ရွေး‌ကောက်ပွဲကိုလည်း အသိအမှတ် မပြုမည့် ချက် ပါလီမန်အမတ်များ

Must read

စစ်အုပ်စုကိုယ်စားလှယ်များကို ငြင်းပယ်မည်ဖြစ်သလို အတုအ‌ယောင်ရွေး‌ကောက်ပွဲကိုလည်း အသိအမှတ် မပြုမည့် ချက် ပါလီမန်အမတ်များ

ရန်ကုန်၊ ဇန်နဝါရီ ၄

ချက်သမ္မတနိုင်ငံ၊ ပါလီမန် နိုင်ငံခြားရေးရာကော်မတီသည် မြန်မာ့ဒီမိုကရေစီအင်အားစုများအပေါ် ထောက်ခံမှုနှင့်ပတ်သက်သော သိသာထင်ရှားသည့် ဆုံးဖြတ်ချက်နှစ်ခုကို ပြီးခဲ့သည့်ခရစ္စမတ်မတိုင်မှီကာလအတွင်း ချမှတ်ခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်များအတွင်း အဓိကအချက်အနေဖြင့် စစ်ကောင်စီကိုယ်စားလှယ်များအား ချက်သမ္မတနိုင်ငံအတွင်းရှိ တရားဝင်အခမ်းအနားများသို့ ဖိတ်ကြားခြင်း မပြုရန်နှင့် စစ်ကောင်စီက စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲကို အသိမှတ် မပြုရန် တို့ပါဝင်သည်။

“ဒီကနေ့ ဂလိုဘယ်လိုက်ဇေးရှင်းကမ္ဘာကြီးမှာ ဒီမိုကရက်တစ်အင်အားစုတွေဆိုတာ အဖြစ်အပျက်တွေနဲ့ လူသားတွေအပေါ် စာနာနားလည်တဲ့ ချဉ်းကပ်မှုကို ကိုယ်စားပြုတယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်။ ကျွန်ုပ်တို့‌အနေနဲ့ ကိုယ့်ကိုကိုယ်သာမက တခြားသူတွေကိုပါ ဂရုပြုသင့်ပါတယ်၊ ဒါကြောင့် ကိုယ့်စိတ်ထဲမှာ စွဲမြဲနေတဲ့တိုင်းပြည်အတွက် လွတ်လပ်မှုကို အားဖြည့်ပေးတဲ့ ဆုံးဖြတ်ချက်တွေကို ကျွန်မထောက်ခံခဲ့တယ်” ဟု လွှတ်တော်အမတ် Ing. Jarmila Levko ဆိုသည်။ သူမသည် ကော်မတီတွင်း ဆုံးဖြတ်ချက်များ စတင်ဆောင်ရွက်သူဖြစ်သည်။

ချက် ပါလီမန် နိုင်ငံခြားရေးရာကော်မတီ၏ ဆုံးဖြတ်ချက်များအတွင်း အောက်ပါတို့သည် အဓိကအချက်များအနေဖြင့် ပါဝင်သည်။

– ၎င်းတို့ (ချက်လွှတ်တော်အမတ်များ)သည် ပရာ့ဂ် မြန်မာသံရုံးမှကိုယ်စားလှယ်များအပါအဝင် စစ်ကောင်စီ ကိုယ်စားလှယ်များအား တရားဝင်အခမ်းအနားများသို့ ဖိတ်ကြားခြင်း မပြုရန် ချက်နိုင်ငံအာဏာပိုင်များအား ပြင်းထန်စွာ တိုက်တွန်းနိုးဆော်သည်။ စစ်ကောင်စီ၏ တရားဝင်မှု ရရှိရန် ကြိုးပမ်းဝါဒဖြန့်မှုများတွင် ထိုသို့သော အခမ်းအနား၊ အစည်းအဝေးများအား အလွဲသုံးစားပြုနေကြောင်းကို (၄င်းတို့အနေနှင့်) ကောင်းစွာသိရှိပြီးဖြစ်ကြောင်း ဖော်ပြသည်။

အထူးသဖြင့် မြန်မာ့အရေး အကျွမ်းတဝင်မရှိသေးသည့် ချက်သမ္မတနိုင်ငံ ကိုယ်စားလှယ်တချို့နှင့် ရိုက်ကူးထားသော ဓာတ်ပုံများကို အသုံးပြု၍ “ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ချက်သမ္မတနိုင်ငံသည် စစ်ကောင်စီ အုပ်ချုပ်မှုကို လက်ခံနေသဖွယ်” ထင်ယောင်ထင်မှား ဖြစ်စေသော စစ်အုပ်စုကိုယ်စားလှယ်များ၏ လုပ်ကြံဝါဒဖြန့်‌နေမှုများကို ချက် ပါလီမန်အမတ်များက ကောင်းစွာသဘောပေါက်သိရှိကြောင်း ပြသသည်။

– ၎င်းတို့ (ချက်လွှတ်တော်အမတ်များ)သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် အပါအဝင် စစ်ကောင်စီက စီစဥ်နေသော အတုအယောင်ရွေးကောက်ပွဲကို လက်မခံရန် သတိပေးခြင်း၊ အနောက်အုပ်စုနိုင်ငံများမှ နိုင်ငံရေးသမားများအား NUG ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် အားပေးခြင်း များပြုလုပ်တောင်းဆိုခဲ့သည်။

– ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ Václav Havel ၏ ချစ်ကြည်ရင်းနှီးမှုတွင် အမြစ်တွယ်ခဲ့သည့် ချက်သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ရှည်လျားသော ချစ်ကြည်ရင်းနှီးမှု၊ ဒီမိုကရေစီနှင့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနှင့် လွတ်လပ်မှုတို့ကို အလွန်အလေးထားကြောင်းကို ၎င်းတို့က ပြည်သူများအား ထပ်မံအသိပေးဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ရက်နေ့တွင် ချက်သမ္မတနိုင်ငံလွှတ်တော် ကိုယ်စားလှယ် Jarmila Levko နှင့် NUG အစိုးရ ကိုယ်စားလှယ် ဦးလင်းသန့်၊ သတင်းမီဒီယာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သော သတင်းစကားပြောကြားခြင်း အစီအစဥ်တစ်ခုကို ချက်သမ္မတနိုင်ငံလွှတ်တော်၌ ကျင်းပခဲ့သည်။

“ဒီဆုံးဖြတ်ချက်တွေဟာ ကျွန်တော်တို့နိုင်ငံတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး ကိုယ်စားလှယ်တွေကြား စည်းရုံးလှုံ့ဆော် ဆွေးနွေးပြောဆိုနိုင်မှုတွေကရတဲ့ စံနမူနာတင်လောက်တဲ့ ရလဒ်တစ်ခုပါ” ဟု Ondřej Cakl (Integria NGO) က အဆိုပါတွေ့ဆုံခဲ့မှုအတွင်း ပြောကြားခဲ့သည်”

“ဒါဟာ ဒီမိုကရေစီတန်ဖိုးများအတွက် ကျွန်ုပ်တို့ရဲ့ထောက်ခံမှုကို မြန်မာနိုင်ငံနဲ့ နိုင်ငံတကာအသိုက်အဝန်းဆီ သတင်းစကားပေးခြင်းဖြစ်သလို၊ လွတ်လပ်မှုနဲ့ လူ့ဂုဏ်သိက္ခာအတွက် ဒီလိုကိုယ်ချင်းစာနာမှုနှင့် အားကျလေးစားမှု သရုပ်သကန်တွေဟာ ဥရောပအလယ်ပိုင်းရှိ ကျွန်ုပ်တို့အတွက်လည်း ပြန်လည်လိုအပ်လာနေချိန်လည်းဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

“မိမိထက် အဆမတန်ပိုမိုအားကောင်းတဲ့ ရန်သူကို ရင်ဆိုင်ဆန့်ကျင်တဲ့ မြန်မာလူမျိုးတွေရဲ့ လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ကြိုးပမ်းမှုတွေနဲ့ တူညီတာဆိုလို့ လက်ရှိကမ္ဘာမှာ တစ်ခုပဲ ရှိပါတယ်၊ ဒါဟာ ရုရှားရဲ့ ကျူးကျော်မှုကို ဆန့်ကျင်တဲ့ ယူကရိန်းနိုင်ငံသားတွေရဲ့ ရုန်းကန်မှုပဲ” ဟု ကာလရှည် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ Igor Blažević က ဆက်လက် ပြောကြားသည်။

“ချက်သမ္မတနိုင်ငံဟာ NUG ကိုယ်စားလှယ်တွေကို တရားဝင်ဖိတ်ကြားတဲ့ ပထမဆုံးနိုင်ငံဖြစ်တာကြောင့်၊ ချက် ဟာ ကျနော်တို့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေဖြစ်သလို မြန်မာ့လွတ်လပ်ရေးနဲ့ ဒီမိုကရေစီကို ထောက်ခံသူလို့ မှတ်ယူပါတယ်” ဟု ဦးလင်းသန့်က အကျဉ်းချုံး ပြောခဲ့သည်။

စစ်အုပ်စုသည် မည့်သည့်အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြင့်မှ အစိုးရတစ်ရပ်မဟုတ် ဆိုသည်အကြောင်း နိုင်ငံတကာကို တစိုက်မတ်မတ် အသိပေးပြောဆိုနေသည့် Defend Myanmar Democracy အဖွဲ့ကလည်း ချက် ပါလီမန် နိုင်ငံခြားရေးကော်မတီ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ၄င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် သတင်းစကားပါး ဖော်ပြခဲ့သည်။

Defend Myanmar Democracy မှ နော်အောင်က “မြန်မာ့ဒီမိုကရေစီရေးအတွက် အမတန်အရေးပါတဲ့ ဆုံးဖြတ်ချက်တွေပေါ့ဗျာ၊ ကျွန်တော်တို့အတွက်တော့ ခရစ်စမတ်လက်ဆောင်ပေါ့ ..၊ ချက်သမ္မတနိုင်ငံနဲ့ မြန်မာဟာ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာကြာပါပြီ။ လက်ရှိမှာလည်း မြန်မာ့ဒီမိုကရေစီရေးအတွက် ကျွန်တော်တို့မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ချက် အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်နေတာတွေရှိပါတယ်။ စစ်အုပ်စုကို နိုင်ငံတကာ ဘယ်စင်မြင့်မှာမှ နေရာမရအောင် ချက်က မိတ်ဆွေများနဲ့ ပူးပေါင်းပြီး အရှိန်မြှင့်တင်လုပ်ဆောင်သွားမှာပါ” ဟု ပြောကြားခဲ့သည်။

ပုံစာ- (၁)ချက်သမ္မတနိုင်ငံ ပါလီမန်လွှတ်တော်အတွင်း တွေ့ရသော လွှတ်တော်အမတ် မစ္စစ်ဂျာမီလာလက်ဗ်ကို (ဘယ်ဘက်မှ တတိယ)နှင့် NUG ကိုယ်စားလှယ် ဦးလင်းသန့်

(၂) NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း၊ တိုင်းရင်းသား ERO ကိုယ်စားလှယ်များနှင့် ချက်နိုင်ငံခြားရေးဝန်ကြီး Jan Lipavsky တို့ Forum 2000 တွင် တွေ့ဆုံခဲ့စဥ်

(၃) ပရာ့ဂ်မြို့ရှိ သံရုံးများပွဲတော်အတွင်း မြန်မာစစ်ကောင်စီကိုယ်စားလှယ်များအား ချက်သမ္မတနိုင်ငံမှ မကြိုဆိုကြောင်း ချက် တက်ကြွလှုပ်ရှားသူများက မြန်မာသံရုံးဆိုင်ခန်းရှေ့တွင် ဆန္ဒပြခဲ့စဥ်။

(၄) Defend Myanmar Democracy Facebook Page မှ

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article