ကျောက်ပန်းတောင်း၊ ဆည်ရွာတွင် စစ်တပ်က အသက် ၄၄ နှစ်အရွယ် ကိုမင်းအောင် ကို ပစ်သတ်၊ ဖြူးနှင့် ညောင်လေးပင်တွင် စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ
ရန်ကုန်၊ ဇန်နဝါရီ ၅
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ရွာတွင် အကြမ်းဖက် စစ်တပ်က အသက် ၄၄ နှစ်အရွယ် ကိုမင်းအောင် ကို ပစ်သတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၃ ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝင်ရောက် စီးနင်းပြီး ကျေးရွာနေ ပြည်သူ အသက် ၄၄ နှစ်အရွယ် ကိုမင်းအောင်ကို ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျောက်ပန်းတောင်းမြို့နယ် ဆည်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ အသက် ၄၄ နှစ် အရွယ် ကိုရင်ကြီး (ခေါ်) ကိုမင်းအောင်ကို စစ်ခွေးတွေက ပစ်သတ်လို့ သေဆုံးသွားတယ်။ ကိုရင်ကြီးက ခရမ်းချဥ်ခင်း အသွားကြည့်ပြီး ပြန်အလာမှာ စစ်ခွေးတွေနဲ့ တွေ့ပြီး ပစ်သတ်ခံရတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အလားတူ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ထန်းကုန်းရွာကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မျက်နီကွင်းရွာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေစဉ်၌ အကြမ်းဖက် စစ်တပ်၏ ခလရ ၇၃ တပ်ရင်း နှင့် ကန်ကလေးမှ စစ်ကောင်စီ တပ်သားများ ပစ်ခတ်သော လက်နက်ကြီးကျည်သည် ထန်းကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေပြည်သူ အသက် ၂၅ နှစ်အရွယ်နှင့် အသက် ၅၂ နှစ်အရွယ် ဒေါ် ရင်းကူမာရီတို့ လက်နက်ကြီး ကျည်စ ထိမှန်၍ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ကလေးငယ် ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့်ပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် မိုင်းထောင်ထားမှုကြောင့် ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက တရားဝင် သတင်းထုတ်ပြန်သည်။
လယ်ဒိုမြို့နယ်တွင် ဇန်နဝါရီလ ၁ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်၌ တကော်ဒဲကျေးရွာနှင့် ဃဲဒဲကျေးရွာ အတွင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဃဲဒဲကျေးရွာတွင်နေထိုင်သည့် စောသွဲဂေဟဲ၏ နေအိမ် ၁ လုံး နှင့် တကော်ဒဲ ကျေးရွာတွင် နေထိုင်သည့် စောဘရော်၏ နေအိမ် ၁ လုံးတို့ ထိခိုက်ပျက်ဆီး ခဲ့ရကြောင်း၊ ယင်းနေ့ နံနက် ၁၀ နာရီခန့်တွင်လည်း ကျောက်တံခါးတွင် နေထိုင်သည့် ဦးစီနန်ရာအင်သည် ဘုရားဇီးကုန်းရွာအနီးတွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသော မိုင်းနင်းမိပြီး ခြေနှစ်ဖက် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဆောထိမြို့နယ်တွင် ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ပိန်းဇလုပ် အခြေစိုက် ခလရ ၂၆၄ တပ်ရင်းက ဒရုန်းဖြင့် အောပဝါး ကျေးရွာအတွင်းကို ဗုံးသီး ၂ လုံး ကျဲချခဲ့ပြီး ကျေးရွာ အတွင်းနေထိုင်သည့် အသက် ၆၂ နှစ်အရွယ် စောဘလယ် နှင့် အသက် ၅၅ နှစ်အရွယ် နန်းမီဖူး တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
မူးမြို့နယ်တွင်လည်း ဒီဇင်ဘာ ၃၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်ဖြတ်တွင် အခြေစိုက်ထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ကြက်တက်ညောင်ပင် ကျေးရွာ အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ၎င်းကျေးရာတွင် နေထိုင်သည့် အသက် ၃၈ နှစ်အရွယ် ဒေါ်စုဝင်းနှင့် အသက် ၄၅ နှစ်အရွယ် ဦးမိုးနိုင်တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။