ရန်ကုန်၊ ဇန်နဝါရီ ၁၅
ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ၄၇၀၀ ကျော်သို့ မြင့်တက်လာသဖြင့် စစ်ကောင်စီက စျေးတက်အောင်လုပ်သည်ဟုဆိုကာ Facebook Page ၊ Facebook Group ၁၇ ခုနှင့် လူပုဂ္ဂိုလ် အကောင့် ၁၀ ခုကို အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ထုတ်ပြန် ကြေညာသည်။
စစ်ကောင်စီ၏ ဗဟိုဘဏ်က ပြည်ထဲရေးဝန်ကြီးဌာန နှင့်ပူးပေါင်း၍ ဟွန်ဒီလုပ်ငန်းလုပ်ကိုင်ကြောင်း ကျော်စောသတင်း ပေါ်ပေါက်သူများကို စစ်ဆေးမေးမြန်းခြင်းနှင့် ယင်းကျော်စောသူများ၏ ဘဏ်စာရင်းနှင့် ဘဏ်စနစ်ကို အသုံးပြု ငွေလွှဲခြင်းများကို စိစစ်ပြီး အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း၊ လက်ရှိတွင် သံသယဖြစ်ဖွယ် တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ ရောင်းချ လဲလှယ်နေသည့် လူပုဂ္ဂိုလ် ၂၆ ဦး ပတ်သက်၍ စိစစ်ခဲ့ရာ ၉ ဦးကို အမှုဖွင့် အရေးယူထားပြီး ၆ ဦးကို တရားစွဲတင်ပို့ထားကာ ဆက်လက် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
ထို့ပြင် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် တရားမဝင် နိုင်ငံခြားငွေကြေးများ ဝယ်ယူ ရောင်းချ၊ လှဲလှယ်ခြင်းများကို ဆောင်ရွက်လျက်ရှိသော Facebook Group များဖြစ်ကြသည့် Gold Price Ygn (ဒေါ်လာ/ရွှေကုန်သည်များဂရု) Private Group၊ နေ့စဉ် ရွှေစျေး၊ ငွေစျေး Public Group၊ USD Exchange Myanmar Public Group၊ Daily Exchange Rates For Myanmar (USD/SGD/EURO/AUD/BAHT) Public Group၊ ငွေလဲနှုန်း Singapore-Myanmar Public Group၊ Thai TH Myanmar MM Currency Public Group၊ နိုင်ငံတကာငွေကြေး စျေးနှုန်းများ Public Group၊ ယူရိုဒေါ်လာ ရောင်းဝယ်ပို့ဆောင်သူများ ဆုံဆည်းရာ Public Group ၊ နိုင်ငံခြားငွေကြေးလဲလှယ်နှုန်း (Currency Exchange) Private Group၊
ကမ္ဘာ့ရွှေ၊ မြန်မာ့ရွှေ၊ ရေနံ၊ စတော့ရှယ်ယာနှင့် နိုင်ငံတကာငွေကြေးစျေးကွက် Public Group၊ ရွှေစျေး၊ ငွေစျေး၊ဒေါ်လာစျေး ဂျပန်၊မြန်မာ ငွေလွှဲ/ငွေပို့ဝန်ဆောင်မှု ($$) Public Group တို့ကို အရေးယူနိုင်ရေး စိစစ်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အလားတူ Facebook Page များဖြစ်သည့် ရွှေစျေး၊ ငွေစျေး Facebook Page၊ ရွှေစျေး Facebook Page ၊ အခေါက်ရွှေစျေး Facebook Page ၊ MC Exchange Facebook Page၊ Golden Myanmar Facebook Page တို့ကိုလည်း အရေးယူမည်ဖြစ်ကြောင်း၊ ထို့ပြင် ကျော်ကျော်ဦး၊ ကျော်ထွန်းလင်း၊ သိန်းတိုးအောင်၊ ရင်ရင်မျိုး၊ ကောင်းမြတ်ကျော်၊ လုံဖူး၊ နှင်းခရေ၊ Tat Lu (Zayar Tun)၊ Kyaw Thiha ၊ Mali Kha တို့ကိုလည်း အရေးယူသွားမည်ဟု စစ်ကောင်စီ ဗဟိုဘဏ်က ဆိုသည်။
လက်ရှိ ပြည်တွင်းတွင် ဒေါ်လာစျေးနှုန်းမှာ စစ်ကောင်စီက အလွန်ထိန်းချုပ်ထားသဖြင့် အတက်အကျ ငြိမ်နေကြောင်း၊ စီးပွားရေးအသိုင်းအ၀ိုင်းက ထိုင်းနိုင်ငံနှင့် ပြည်ပနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံမှုများ ရွှေ့နေကြမှုများလည်းရှိကြောင်း၊ ပြည်တွင်းတွင် သွင်းကုန်များ ပိတ်ပင်ထားသဖြင့် ဒေါ်လာ အသုံးစျေးကွက် လျော့နည်းနေပြီး ပြည်ပသို့ ရွှေ့ပြောင်းမှုများက အဓိက ဖြစ်ကြောင်း UMFCCI မှ စီးပွားရေးသမားက ရှင်းလင်းပြောဆိုသည်။
“ဒေါ်လာစျေးကတော့ စက်သုံးဆီနဲ့ စားအုန်းဆီသမားတွေကို စစ်တပ်က ထုတ်ရောင်းတော့ နည်းနည်းငြိမ်တယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ထိုင်းမှာ ကွန်ဒိုတွေဝယ်တယ်။ ဒူဘိုင်းမှာ အိမ်တွေဝယ်ကြတယ်။ အဲဒါတွေကလည်း ပုံမှန် စီးထွက်နေတယ်။ ပြည်တွင်းမှာတော့ စီးပွားရေးက လုပ်လို့မရတော့ဘူး။ အတော်ကို စီးပွားပျက်နေတယ်။ ပြည်ပကိုပဲ ဒေါ်လာစီးထွက်တဲ့ လမ်းကြောင်းက ပိုများတယ်။ အခုလည်း ပြန်တက်လာတာ ပြည်ပကို စီးဖို့ စျေးပြန်တက်တယ်လို့ပဲ ပြောရမယ်” ဟု UMFCCI က စီးပွားရေးသမားက ဆိုသည်။
အမေရိကန်ဒေါ်လာစျေးသည် ယမန်နှစ်အတွင်း တစ်ဒေါ်လာ ၈၀၀၀ ကျပ်အထိ ထိုးတက်ခဲ့ပြီးနောက် စစ်တပ်က အဖမ်းအဆီးများ အလွန်ကြမ်းခဲ့သဖြင့် တစ်ဒေါ်လာလျှင် ငွေကျပ် ၄၅၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ် ပါးခဲ့ကြောင်း၊ ယခုနှစ်ဆန်းပိုင်းတွင်မူ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၇၀၀ ကျော် အထိ ပြန်လည် မြင့်တက်လာကြောင်း စျေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။
“နိုင်ငံရေးမတည်မငြိမ်ဖြစ်နေသမျှ ကာလပတ်လုံးတော့ စစ်တပ်က ဖိရင် ငြိမ်သွားလိုက်။ စစ်ပွဲတွေ ဖြစ်တော့မယ်ဆိုတဲ့ သတင်းတွေထွက်လာရင် ဒေါ်လာစျေး ပြန်တက်လာလိုက်။ ကျပ်စျေးထိုးကျလိုက် ။ တပ်က ပြန်ဖမ်းရင် ငြိမ်သွားလိုက် အဲဒီလိုနဲ့ပဲ သံသရာလည်ပြီး ကျပ်ငွေက ဖောင်းပွနေဦးမှာပဲ။ အဓိက နိုင်ငံရေးပါပဲ။ နိုင်ငံရေးတည်ငြိမ်မှ စီးပွားရေးရော၊ ငွေလဲနှုန်းရော တည်ငြိမ်မယ်” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက သုံးသပ်ပြောဆိုသည်။
ဓာတ်ပုံ – AFP။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar