ရွှေပြည်သာတွင် ဗိုလ်မှူးကြီးဟောင်းနှင့် ကြံ့ဖွတ်အမတ်ဟောင်း တင်မောင်ဦးက ပန်းခြံနှင့် ပြည်သူပိုင်မြေကွက်များကို သိမ်းယူ ဂရန်အမည်ဖောက်ရောင်း စား ၊ မရမ်းကုန်း ၂ ရပ်ကွက်တွင် နှစ်ပေါင်း ၈၀ ကျော်သက်တမ်းရှိ ရှင်ဥပဂုတ္တ ပြည် သူပိုင်သောက် ရေကန်ကို မြေဖို့၍ စစ်တပ်က သိမ်းယူနေ
ရန်ကုန်၊ ဇန်နဝါရီ ၁၉
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် ရွှေပြည်သာတွင် ဗိုလ်မှူးကြီးဟောင်းနှင့် ကြံ့ဖွတ်အမတ်ဟောင်း တင်မောင်ဦးက ပန်းခြံနှင့်အများပြည်သူပိုင်မြေကွက်များကို သိမ်းယူပြီး ဂရန်အမည်ဖောက်နေကြောင်း ရွှေပြည်သာမြို့နယ်မှ ဒေသပြည်သူများနှင့် ထွေ/အုပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှစတင်၍ ဗိုလ်မှူးကြီးဟောင်းလည်းဖြစ်၊ ကြံ့ဖွတ်ပါတီအမတ်ဟောင်းလည်းဖြစ်သူ တင်မောင်ဦးနှင့်အဖွဲ့က ရွှေပြည်သာမြို့နယ်အတွင်းရှိ ဥယျာဉ်မြေကွက်များ၊ မီးတားမြေကွက်များ၊ စားကျက် မြေများနှင့် မြေလွတ်များကို ဂရန်အမည်ဖောက်၍ ရောင်းစားမှုများ လုပ် ဆောင် လာခြင်းဖြစ်ကြောင်း၊ ထိုသို့ ပြည်သူပိုင် မြေကွက်များကို ဂရန် အမည်ဖောက်၍ ရောင်းစားရာတွင် ထွေ/အုပ်၊ စည်ပင်၊ ရန်ကုန်တိုင်းစစ်ကောင်စီ၊ မြေစာရင်း၊ စစ်တပ် ဗျူဟာမှူးတို့ ပါဝင်ပတ်သက်နေကြောင်း သိရှိရသည်။
“ဦးတင်မောင်ဦးဆိုတာက အရင် ဗိုလ်မှူးကြီးဟောင်း၊ ကြံ့ခိုင်ရေးပါတီရဲ့ ရွှေပြည်သာကိုယ်စားလှယ်လည်းဖြစ်ပါတယ်။ နောက်တော့ ဦးရွှေမန်းပါတီမှာ အမတ်ဝင်ပြိုင်ဖို့လုပ်တယ်။ ဦးတင်မောင်ဦးက ရွှေပြည်သာမှာ စိမ်းလဲ့ဝေ ဆေးရုံကိုလည်း ထူထောင်ထားတယ်။ သူက ဌာနအားလုံးနဲ့ပေါင်းပြီး မြေကွက်တွေကို ဂရန် အမည်ဖောက်ရောင်းနေတာ။ ပန်းခြံတွေလည်းကုန်ပြီ” ဟု ရွှေပြည်သာမြို့နယ်၊ ထွေ/အုပ် သတင်းရင်းမြစ်က ဆိုသည်။
အလားတူ မရမ်းကုန်းမြို့နယ် အမှတ် ၂ ရပ်ကွက်ရှိ အထက်ဗဟိုလမ်း(ယခင်ဦးဘဟန်လမ်း)၊ ပုဂံစက်လမ်းနှင့်ဦးသော်လမ်းအကြားရှိ နှစ်ပေါင်း ၅၅ နှစ်ကြာတည်ရှိခဲ့သော အများပြည်သူပိုင် သောက်ရေကန်ကို စစ်တပ်နှင့် ရပ်ကွက်အုပ် ချုပ်ရေးအဖွဲ့ ပူးပေါင်း၍ မြေဖို့ သိမ်းယူနေကြောင်း သိရှိရသည်။
အဆိုပါ ရေကန်မှာ ၁၉၆၇ ခုနှစ် အလှူရှင် ပုဂံစက်ပိုင်ရှင် ဦးသော်နှင့် ဒေါ်လှခင်တို့က အများပြည်သူ သောက်သုံးရေကန်အဖြစ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၈၂ ခုနှစ်တွင် အလှူရှင်မိသားစုမှ သမီးဖြစ်သူ ဒေါ်ခင်အေးဝင်းကိုယ်တိုင် ပြည် သူများ ရေသုံးစွဲရန် အပြီးအပိုင်စာချုပ်ချုပ်ဆို၍ အများပြည်သူသို့ ထပ်မံ လှူဒါန်းခဲ့ကြောင်း၊ ယင်းရေကန်မှာ နှစ်ပေါင်း ၈၀ ကျော်ခန့်ရှိနေပြီး ယခုအခါ ရှင်ဥပဂုတ္တရဟန္တ သီတင်းသုံးရာ ကျောင်းဆောင်ကြီးအဖြစ်လည်း နှစ်ပေါင်း ၃၀ ကျော်ခန့်ရှိနေပြီဖြစ်ကြောင်း၊ ယခုအခါ သောက်သုံးရေကန်အစား ရပ်ကွက်အတွက် မီးသတ်သဘာ၀ရေကန်အဖြစ် သတ်မှတ်ထားသော တရားဝင် ရေ ကန် ကြီးလည်းဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်က အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်မြိုင်၊ ရာအိမ်မှူး မင်းစိုး၊ စစ်သားလူထွက် ခင်မောင်ဝင်းတို့ ပူးပေါင်း၍ ရပ်ကွက်နေပြည်သူများ၏ မီး သတ်ရေကန်အဖြစ် အသုံးပြုနေသော အဆိုပါ ရေကန်ကြီး မြေဖို့ ရောင်းချမည့် ကိစ္စကို သဘောတူသည်ဟုဆိုသော ပြည်သူများကို အတင်းအကျပ်လက် မှတ်ထိုးခိုင်းနေကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရှိရသည်။
“ရေကန်ကြီးက နှစ်ပေါင်း ၈၀ ကျော်ရှိပြီ။ ရှင်ဥပဂုတ္တရဟန်းဖောင်ကြီးနဲ့ အများ ပြည်သူတွေ ကုသိုလ်ပြုရာဖြစ်ပါတယ်။ ပုဂံ(ပုဂံစက်ပိုင်ရှင်) အစ ဦးသော်က လို့ ထင်ရှားတဲ့ သူဌေးကြီးက အများအတွက် သောက်ရေကန်အဖြစ် လှူဒါန်းခဲ့တဲ့ သောက်ရေကန်ကို မြေဖို့ ဖျက်ဆီးဖို့ လုပ်နေတာပါ။ ရောင်းစားမယ့်အကြံပေါ့” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ သောက်ရေကန်ကို မြေဖို့ရောင်းချရန် စစ်အာဏာသိမ်းစ ၂၀၂၁ ခုနှစ်ကလည်း လုပ်ဆောင်ခဲ့သော်လည်း ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းတား မြစ် ခဲ့၍ ရပ်ဆိုင်းခဲ့ကြောင်း၊ လက်ရှိအချိန်တွင်မူ ယင်းကန်ကို မြေဖို့ရောင်းချရန် စစ်တပ်နှင့်ပူးပေါင်း လုပ်ဆောင်နေ၍ တားရဲသူမရှိဘဲ ထင်ရာစိုင်း လုပ် ဆောင် နေခြင်းဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်မှစတင်ပြီး ရန်ကုန် တိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်တပ်နှင့် ကြံ့ဖွတ်များ၊ စစ်အရာရှိဟောင်းများ ပူးပေါင်း၍ အများပြည်သူပိုင် မြေကွက်များ၊ ပန်းခြံများကို သိမ်းယူပြီး ဂရန် အမည်ဖောက် ၍ ရောင်းချမှုများ အကြီးအကျယ် ဖြစ်ထွန်းနေကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက စုံစမ်းသိရှိရသည်။