25.2 C
Yangon

အုတ်တွင်းမြို့နယ်၊ သံတိုင်ခင်ရွာအနီးတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု အရာရှိ ၁ ဦးနှင့် အုပ်ချုပ်ရေးမှူး အပါအဝင် ၆ ဦးသေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိ

Must read

အုတ်တွင်းမြို့နယ်၊ သံတိုင်ခင်ရွာအနီးတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု အရာရှိ ၁ ဦးနှင့် အုပ်ချုပ်ရေးမှူး အပါအဝင် ၆ ဦးသေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ သံတိုင်ခင်ရွာအနီး ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦးနှင့် အုပ်ချုပ်ရေးမှူး အပါအဝင် ၆ ဦးသေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း People’s Defense Organization – Oktwin အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် အုတ်တွင်းမြို့နယ်၊ သံတိုင်ခင် ကျေးရွာအနီး ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦးနှင့် အုပ်ချုပ်ရေးမှူး ပါဝင်သော စစ်ကောင်စီ တပ်သား ၇ ဦးကို အုတ်တွင်းမြို့နယ် ပကဖမှ တိုက်ခိုက်ရေး ရဲဘော်များက ပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၃ ဦး ၊ ရဲ ၂ ဦး နှင့် အုပ်ချုပ်ရေးမှူးတို့ ပွဲချင်းပြီးသေဆုံးပြီး စစ်သား ၁ ဦး ထိခိုက်ဒဏ်ရာများဖြင့် ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရှိရသည်။

သေဆုံးသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ MA-3 သေနတ် ၁ လက်၊ MA-11 သေနတ် ၁ လက်၊ G-3 သေနတ် ၂ လက်၊ အူစီ သေနတ် ၁ လက်နှင့်အတူ MA ကျည်ဘောက် ၅ ဘောက်၊ G-3 ကျည်ဘောက် ၄ ဘောက်၊ အူစီကျည်ဘောက် ၁ ဘောက်၊ လက်ပစ်ဗုံး ၁ လုံး နှင့် ဓါးမြှောင် ၂ ချောင်းတို့ကို အုတ်တွင်းမြို့နယ် ပကဖ ရဲဘော်များက သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့ တိုက်ခိုက်ခဲ့တဲ့ စစ်ခွေးနဲ့ ရဲတွေက ပြည်သူတွေကို စစ်မှုထမ်းခိုင်းဖို့ အတင်း အဓမ္မ လိုက်လံပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ အတွက် တိုက်ခိုက်ခဲ့တာပါ” ဟု People’s Defense Organization – Oktwin အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားခဲ့သော သံတိုင်ခင်ကျေးရွာသည် အုတ်တွင်းမြို့နှင့် ကပ်လျှက်ရှိသော ရွာဖြစ်ပြီး ရန်ကုန်-မန္တလေး လမ်းဟောင်းအနီးတွင် တည်ရှိကြောင်း တိုက်ခိုက်မှု အတွင်း တော်လှန်ရေး ရဲဘော်များလည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article