ပြည်မြို့၊ သုံးပန်လှကျောင်းမှ စျေးသည် ကိုဇင်းရဲနောင်နှင့် ရေဦးမြို့နယ်မှ လူငယ် ၁၃ ဦးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး၊ ရန်ကုန်နှင့် ဧရာဝတီတွင်လည်း လူငယ်များ ဆက်တိုက် ပျောက်ဆုံးနေ
ရန်ကုန်၊ ဇန်နဝါရီ ၂၁
ပဲခူးတိုင်း၊ ပြည်မြို့ သုံးပန်လှကျောင်းတွင် ဈေးရောင်းနေသည့် ကိုဇင်းရဲနောင်ကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးခံရသူ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် ပြည်မြို့ သရေခေတ္တရာ ရှေးဟောင်းနယ်မြေရှိ သုံးပန်လှကျောင်းတွင် စျေးရောင်းနေသည့် ကိုဇင်းရဲနောင် သည် ပြည်မြို့မှ ဈေးဝယ်ပြီး ပြန်လာစဉ် သရေခေတ္တရာ၊ မှော်ဇာသံလမ်းကုန်းတွင် အကြမ်း ဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားသော ကိုဇင်းရဲနောင်သည် ကျန်းမာရေးမကောင်း၍ ဘုန်းကြီးအဖြစ်မှ လူထွက်ပြီး သုံးပန်လှကျောင်းတွင် စျေးဆိုင်ဖွင့်၍ ကောင်းရောင်းကောင်းဝယ် လုပ်စားနေသူဖြစ်ကြောင်း၊ ကိုဇင်းရဲနောင်ကို ပေါ်တာဆွဲ ဖမ်းဆီးစဉ်တွင် အုပ်ချုပ်ရေးမှူး အေးထွန်း ဆိုသူလည်း ပါဝင်ကြောင်း၊ လက်ရှိချိန်တွင် ပေါ်တာဆွဲ ဖမ်းဆီးခံရသော ကိုဇင်ရဲနောင်ကို အကြမ်းဖက် စစ်တပ်က စစ်သင်တန်းကျောင်းသို့ ပို့လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင်လည်း စစ်တပ်က လူငယ် ၁၃ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ရေးမြို့ပေါ်၌ စစ်တပ်၏ ရပ်/ကျေး ပြည်သူ့လုံခြုံရေးအဖွဲ့၊ စစ်သားများနှင့် ရဲများက အဖွဲ့ ၃ ဖွဲ့ထဲခွဲ၍ ကင်းလှည့်ပြီး ရပ်ကွက်များ အတွင်းရှိ လူငယ် ၁၃ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖမ်းဆီး ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ထားသည့် လူငယ်များထားရှိသော အထက ၁ ကျောင်းနှင့် အထက ၂ ကျောင်းကို လူခွဲ၍ ခေါ်ဆောင်သွားကြောင်း သိရသည်။
လက်ရှိအချိန် ရေဦးမြို့ပေါ်၌ မြို့ပေါ်ကို စွန့်ခွာ၍ ထွက်ပြေး တိမ်းရှောင်နေကြသော လူငယ်များ ထောင်နှင့်ချီရှိလာပြီး အကြမ်းဖက် စစ်တပ်က အလှည့်ကျ စနစ်ဖြင့် စစ်မှုထမ်း ခေါ်ဆောင်ရန် မလုပ်ဆောင်တော့သောကြောင့် လူငယ်များရှိသည့် နေအိမ်များကို ပစ်မှတ်ထား၍ လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရှိရသည်။
“ရေဦးမြို့ပေါ်က စစ်ခွေးတပ်အနေနဲ့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းဖို့ ထုတ်ပြန်ထားတဲ့ တရားမဝင် ဥပဒေမှာ အသက်အရွယ် အပိုင်းအခြားတွေ ပါရှိနေတယ်။ နောက်ပြီး အမျိုးသမီးတွေကို စစ်မှုထမ်းဖို့အထဲမှာလည်း မပါဘူးလို့ စစ်ရှုံးကောင်စီကနေ ထုတ်ပြန်တာတွေရှိတယ်။ အခုဖမ်းဆီးနေတာတွေက လက်လုပ်လက်စား ပြည်သူတွေ မြို့မစျေးကြီးထဲမှာ စျေးရောင်းချ စားသောက်နေကြတဲ့ပြည်သူတွေကို အသက်အရွယ် မခွဲခြား ကျား/မ မရွေးဖမ်းဆီးနေတာတွေ ရပ်တန့်က ရပ်ပေးဖို့ သတိပေးပြောကြားချင်တယ်။ လူမဆန်စွာ အောက်တန်းစား စိတ်ဓာတ်မျိုးတွေနဲ့ မြို့ပေါ်နေ အပြစ်မဲ့ပြည်သူတွေကို အမျိုးသမီးတွေကအစ စစ်ကြောင်းထိုးရာနောက် ဓားစာခံထည့်ဖို့ ဖမ်းဆီးလုပ်ဆောင်နေတာတွေ ချက်ချင်းရပ်တန့်ပေးဖို့ သတိပေးချင်တယ်။ ရေဦးမြို့ပေါ်မှာ အကြောင်းအမျိုးမျိုးကြောင့် မြို့ကို မစွန့်ခွာနိုင်သေး ကျန်ရှိနေကြသေးတဲ့ ပြည်သူတွေအနေနဲ့ အသွားအလာသတိပြု အထူးဂရုစိုက်နေထိုင်ပေးကြဖို့ ပြောချင်ပါတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့ပြင် ရန်ကုန်မြို့တွင်လည်း ထောက်ကြန့်မြို့နယ်မှ လှည်းကူး မြို့နယ်ကို သွားရောက်သည့် ကိုရဲဇော်နိုင်သည့် လမ်း၌ ပျောက်ဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရသည်။
ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေပိုင်း ထောက်ကြန့်မြို့နယ်မှ လှည်းကူးမြို့နယ်ကို သွားရောက်သည့် အသက် ၂၀ အရွယ် ကိုရဲဇော်နိုင်သည် လမ်း၌ ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၀ ရက်နေ့ထိ အဆက်အသွယ် လုံးဝ ပြတ်တောက်နေကြောင်း သိရှိရသည်။
အလားတူ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၈ မိုင် ပေါက်စေတီကျောင်းမှ ဥာဏ်ရည်မပြည့်မှီသည့် အသက် ၃၅ နှစ်အရွယ် ဦးဇေယျာထက်သည်လည်း ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပျောက်ဆုံးသွားကြောင်း ၊ထို့အတူ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ စစ်ကုန်းလေးကျေးရွာတွင် နေထိုင်သော ကိုထိုက်သူရသည် ဇန်နဝါရီလ ၉ ရက်နေ့တွင် ရန်ကုန်မှ ပြန်လာစဉ် လမ်းခရီး၌ ပျောက်ဆုံးသွားကြောင်း သိရှိရသည်။