32 C
Yangon

ဆားတောင်မြို့အတွင်း ကင်းပတ်နေသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

Must read

ဆားတောင်မြို့အတွင်း ကင်းပတ်နေသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၆

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့အတွင်း ကင်းပတ်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Royal Falcon Guerilla Force(Sadaung Falcon) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဆားတောင်မြို့ ရဲစခန်း နှင့် ဆားတောင်မြို့ အထက်တန်းကျောင်းအတွင်း အထိုင်ချနေသော ညောင်ငုတ်တို့ ပျူစောထီးရွာမှ ပျူစောထီးများ ပူးပေါင်း၍ ဆားတောင်မြို့ အတွင်း ကင်းပတ်၍ ကားများကို ဖမ်းဆီး စစ်ဆေးနေစဥ် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသောကြောင့် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ဘယ်သူတွေ ဘယ်လောက်ပဲ အောက်တန်းကြနေပါစေ ဘယ်သူတွေ ဘယ်လောက်ပဲ တော်လှန်ရေးပေါ်မှာ မလိမ့်တပတ် အလွဲသုံးစားလုပ်နေပါစေ ကျွန်တော်တို့ လူငယ်တွေအကောင်းဆုံး ကြိုးစားသွားမယ် အဲတော့ ကျွန်တော်တို့ ဘယ်သူတွေ မဟုတ်တာလုပ်လုပ် ကျွန်တော်တို့ ဘယ်တော့မှ မဟုတ်တာမလုပ်ဘူး။ တော်လှန်ရေးကို သစ္စာရှိမယ်။ အကောင်းဆုံး ကျွန်တော်တို့တွေ အာဏရှင်စနစ်ကို တွန်းလှန်တိုက်ထုတ်သွားမယ်။ ပြည်သူတွေပေါ်မှာ သစ္စာစောင့်သိသွားပါမယ်။ ဘယ်သူတွေ ဘယ်လိုပဲ လုပ်စားနေပါစေ ကျွန်တော်တို့ မိုးခါးရေမသောက်ပါဘူး။ ကျွန်တော်တို့ ရဲဘော်တိုင်းရဲ့ အိမ်မက်က ဒီတော်လှန်ရေးကြီး အမြန်ဆုံးအောင်မြင်ချင်တာပါဘဲ။ ဒီလိုအောင်မြင်ဖို့အတွက် လိုအပ်တာတွေ ပြောပြနေစရာမလိုအောင် ပြည်သူတိုင်းသိပါတယ်။ အခုလည်း မြေပြင် ဝေဟင် အောင်ပွဲဆင်နိုင်ဖို့ လိုအပ်နေတဲ့ Drone Project မှာပါဝင်ပေးကြဖို့အတွက် ကျွန်တော်တို့ အဖွဲ့ကနေ အကူညီတောင်းခံအပ်ပါတယ်။ပါဝင်ကူညီပေးကြပါဦး” ဟု Royal Falcon Guerilla Force(Sadaung Falcon) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Royal Falcon Guerilla Force(Sadaung Falcon) ၊ Phoenix -Sagaing ၊ Unicorn Guerrilla Force နှင့် စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်သားများ ထွက်လာချိန်တွင် အနီးဆုံးနေရာများတွင် မနေရန်မေတ္တာ ရပ်ခံအပ်ကြောင်း တော်လှန်ရေး တပ်ဖွဲ့များက အသိပေးထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article