26 C
Yangon

သုံးဆယ်မြို့တွင် စစ်မှုထမ်း လူစားထိုးရန် အသည်းရောဂါသည် ကိုအောင်ကျော်စိုးကို ပေါ်တာဆွဲ ဖမ်းဆီး စစ်ထဲသွင်း၊ ဝမ်းတွင်းတွင် ကလေး ၂ ဦး၏ ဖခင် ကိုသန်းမင်းနိုင်ကို စစ်ထဲသွင်းပြီးနောက် အုပ်ချုပ်ရေးမှူးက ထောက်ပံ့ကြေးများ​ ဖြတ်ယူ

Must read

သုံးဆယ်မြို့တွင် စစ်မှုထမ်း လူစားထိုးရန် အသည်းရောဂါသည် ကိုအောင်ကျော်စိုးကို ပေါ်တာဆွဲ ဖမ်းဆီး စစ်ထဲသွင်း၊ ဝမ်းတွင်းတွင် ကလေး ၂ ဦး၏ ဖခင် ကိုသန်းမင်းနိုင်ကို စစ်ထဲသွင်းပြီးနောက် အုပ်ချုပ်ရေးမှူးက ထောက်ပံ့ကြေးများ​ ဖြတ်ယူ

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ အနောက်လက်ပံခုန်ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထွန်းထွန်းဝင်းက လူစားထိုး စစ်မှုထမ်းခိုင်းရန် အရက်အလွန်အကျွံသောက်၍ အသည်းရောဂါ ခံစားနေရသော ကိုအောင်ကျော်စိုးကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်တပ်ထဲထည့်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ အနောက်လက်ပံခုန်ရပ်ကွက်တွင် စစ်မှုထမ်းရမည့် လူငယ် မိသားတစ်ခုထံမှ အုပ်ချုပ်ရေးမှူး ထွန်းထွန်းဝင်းက ငွေကျပ် သိန်း ၈၀ လက်ခံခဲ့ကြောင်း၊ ထို့နောက် လူစားထိုးရန်အတွက် အရက်အလွန်အကျွံ့သောက်၍ ကျန်းမာရေး မကောင်းသော ကိုအောင်ကျော်စိုးကို နေအိမ်ထဲအထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီး စစ်ထဲထည့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုအောင်ကျော်စိုးမှာ စစ်တပ်ထဲသို့ ဖမ်းဆီးခေါ်ဆောင်ရပြီးနောက် အစားပုံမှန်မစားနိုင်ခြင်းကြောင့် အားပြတ်ကာ ဆိုင်ကယ်နောက်မှ ပြုတ်ကျ၍ သာယာဝတီဆေးရုံတွင် ခေါင်းကွဲဒဏ်ရာဖြင့် ဆေးကုသမှု ခံယူခဲ့ရကြောင်း၊ ဆေးရုံ တက်ခဲ့သည့် ရက်များအတွင်း ကိုအောင်ကျော်စိုးမှာ အရက်ကြောင် စိတ်ဖောက်ပြန်ပြီး ဆေးရုံအတွင်း အော်ဟစ်ကာ လှည့်ပတ် ပြေးခဲ့ကြောင်း၊ ကိုအောင်ကျော်စိုးမှာ စစ်မှုမထမ်းနိုင်သည့် အခြေအနေဖြစ်သော်လည်း ဆေးရုံမှ ဒဏ်ရာသက်လာပြီးနောက် စစ်ထဲသို့ ပြန်လည် ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

“သုံးဆယ်မြို့ အနောက်လက်ပံခုန်ရပ်ကွက်မှာ နောက်ဆုံး အဖမ်းခံရတဲ့ ကိုအောင်ကျော်စိုးဆိုသူကို ၂၀၂၄ ဒီဇင်ဘာလထဲမှာ အိမ်ထဲအထိဝင်ရောက်ဖမ်းစီး၍ စစ်မှုထမ်းခိုင်းခဲ့ပါတယ်။ ကိုအောင်ကျော်စိုးက အရက်အလွန်အကျွံ့ သောက်သူတစ်ယောက်ဖြစ်တော့ ကျန်းမာရေးမကောင်းတာကို စစ်တပ်ထဲ ဖမ်းဆီးထည့်လိုက်တာ စစ်သင်တန်း မပို့ခင်ရက်ပိုင်းက မိသားစုတွေက စားသောက်စရာတွေသွားပို့ပြီး လူချင်းတွေ့ဖို့ အဝင်ဂိတ်မှာ စောင့်နေတုန်း သူ့ကို လိုက်ပို့တဲ့ ဆိုင်ကယ်နောက်ကနေ ပြုတ်ကျပြီး သာယာဝတီဆေးရုံမှာ ခေါင်းကွဲဒဏ်ရာကို ၈ ချက်ချုပ်ခဲ့ရတယ်။ ဆေးရုံတက်တဲ့ ရက်တွေမှာလည်း ကိုအောင်ကျော်စိုးက စိတ်ဖောက်ပြီး ဆီးတွေကို အရက်ဆိုပြီး သောက်တယ်။ ဆေးရုံထဲမှာလည်း အော်ဟစ် လှည့်ပတ်ပြေးတာတွေ လုပ်တယ်။ သူ့အခြေအနေက စစ်မှုလုံးဝ မထမ်းသင့်တဲ့ အနေအထားပါ။ ဒါပေမယ့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ထွန်းထွန်းဝင်းက ငွေကျပ် သိန်း ၈၀ ရယူထားလို့ လူစားမထိုးပေးဘဲ စစ်မှုထမ်းဖို့ ထပ်ပို့လိုက်တယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အုပ်ချုပ်ရေးမှူး ထွန်းထွန်းဝင်းမှာ လောင်းကစား တစ်ဦးဖြစ်ပြီး ရပ်ကွက်အတွင်း ဖိအားပေး၍ နည်းမျိုးစုံ ငွေညှစ်နေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ၂၀၂၃ ခုနှစ် ထွန်းထွန်းဝင်းနှင့် ၎င်း၏ ဇနီးဖြစ်သူ NON-CDM ဝန်ထမ်းသည် သုံးဆယ်မြို့မှ လက်ပံတန်းမြို့သို့ အသွားလမ်းတွင် သာယာဝတီခရိုင် PDF ၏ ပစ်ခတ်မှုကြောင့် လင်မယား ၂ ဦးစလုံး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ပန်းကြိုင်ကျေးရွာတွင် လူမမယ်ကလေး ၂ ဦး၏ဖခင် ကိုသန်းမင်းနိုင်ကို စစ်တပ်ထဲထည့်ပြီး ထောက်ပံ့ငွေကို အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ကျော်မြိုင်က ကိုယ်ကျိုးအတွက် သုံးစွဲလိုက်ကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ ညပိုင်း ဝမ်းတွင်းမြို့နယ်၊ ပန်းကြိုင်ကျေးရွာမှ ကိုသန်းမင်းနိုင်သည် အပြင်ထွက်စဉ် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ကျော်မြိုင်က မှောင်ရိပ်ခိုသည်ဟုဆိုကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဖမ်းဆီးခိုင်းပြီး စစ်မှုထမ်းတွင် ပါဝင်သည်ဟုဆိုကာ စစ်တပ်ထဲ ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုသန်းမင်းနိုင်သည် လူမမယ်ကလေး ၂ ဦး၏ ဖခင် ဖြစ်သောကြောင့် ၎င်း၏ အမျိုးသမီး ဖြစ်သူက စစ်မှုထမ်း စာရင်းမှ ပယ်ဖျက်ပေးရန် အသနားခံစာတင်၍ နည်းမျိုးစုံ ကြိုးစားခဲ့သော်လည်း ပြန်လွှတ်ပေးခြင်းမရှိကြောင်း သိရသည်။

ပန်းကြိုင်ရွာမှ ပြည်သူများက ကိုသန်းမင်းနိုင်၏ ဇနီးဖြစ်သူနှင့် လူမမယ် ကလေးငယ် အတွက် တစ်အိမ်လျှင် ငွေကျပ် ၅၀၀၀ ဖြင့် ထောက်ပံ့ငွေကျပ် ၁၅ သိန်း ပေးခဲ့သော်လည်း အုပ်ချုပ်ရေးမှူး ကျော်မြိုင်က ၁၁ သိန်း ဖြတ်ယူသွားပြီး ငွေကျပ် ၄ သိန်းသာ သွားရောက် ပေးပို့ခဲ့ကြောင်း၊ ကိုသန်းမင်းနိုင်၏ ဇနီးဖြစ်သူက ကျော်မြိုင်လာပေးသော ငွေကျပ် ၄ သိန်းကို လက်ခံခဲ့ခြင်းမရှိဘဲ ရွာသူရွာသားများကိုသာ ပြန်ပေးရန် ပြောဆိုခဲ့သော်လည်း ကျော်မြိုင်က ပြန်ပေးခြင်းမရှိဘဲ သုံးစွဲလိုက်ကြောင်း သိရှိရသည်။

ကိုသန်းမင်းနိုင်သည် စစ်မှုထမ်းရန် အတင်းအဓမ္မ စုဆောင်းခံရပြီးနောက် လက်ရှိ ကျိုင်းတုံမြို့တွင် တာဝန်ကျနေပြီး လတ်တ လော အချိန်အထိ အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရသည်။

“ဝမ်းတွင်းမြို့နယ်၊ ပန်းကြိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ကျော်မြိုင်က လူမမယ်ကလေး ၂ ဦး၏ ဖခင်ဖြစ်သူ သန်းမင်းနိုင်ကို မှောင်ရိပ်ခိုတယ်ဆိုပြီး အတင်းအဓမ္မ ဖမ်းဆီးခိုင်းပြီးတော့ စစ်တပ်ထဲထည့်လိုက်တာပါ။ ကျန်ခဲ့သူ ဇနီးဖြစ်သူက အသနားခံစာနဲ့ နည်းအမျိုးမျိုး လိုက်ထုတ်ပေမယ့် မရပါဘူး။ ကျေးရွာနေ ပြည်သူတွေကလည်း ဇနီးသည်နဲ့ ကလေးတွေအတွက် တစ်အိမ် ၅၀၀၀ ပေးပြီး စုစုပေါင်း ၁၅ သိန်း ထောက်ပံ့တာကို အုပ်ချုပ်ရေးမှူးက ဖြတ်စားတယ်။ မိသားစုဝင်တွေကို ၄ သိန်းပဲပေးတယ်။ ကာယကံရှင်ရဲ့ ဇနီးက ၄ သိန်းထဲဆို မယူဘူး။ ရွာသားတွေကို ပြန်ပေးခိုင်းတာ ပြန်မပေးဘဲနဲ့ သုံးလိုက်တယ်လို့ သိရတယ်။ ကိုသန်းမင်းနိုင်နဲ့ ဟိုတလောကတော့ အဆက်အသွယ် ရတယ်ကြားတယ်။ စစ်သင်တန်းပြီး ကျိုင်းတုံမှာ တာဝန်ကျတယ်ပြောတယ်။ အဲနောက်ရှေ့တန်းသွားတော့မယ်ဆိုပြီးကတည်းက အဆက်အသွယ် မရတော့ဘူး။ သူ့ အမျိုးသမီးလည်း ရွာမှာမရှိတော့ဘူး ပြောင်းသွားပါပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- စစ်မှုထမ်း အပတ်စဉ် ၉ သို့ ခေါ်ဆောင်ခံရသည့် လူငယ်များ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article