28 C
Yangon

ကန့်ဘလူတွင် ပအဖအဖွဲ့ ခေါင်းဆောင်က Non-CDM ကျောင်းသူကို အလိုမတူဘဲ အဓမ္မပြုကျင့်မှု ၁ နှစ်ကျော် ကြာသော်လည်း အရေးယူမှု မရှိသေး

Must read

ကန့်ဘလူတွင် ပအဖအဖွဲ့ ခေါင်းဆောင်က Non-CDM ကျောင်းသူကို အလိုမတူဘဲ အဓမ္မပြုကျင့်မှု ၁ နှစ်ကျော် ကြာသော်လည်း အရေးယူမှု မရှိသေး

ရန်ကုန်၊ ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် ဖမ်းဆီး ထိန်းသိမ်းခြင်းခံနေရသည့် Non-CDM ကျောင်းသူ တစ်ဦးကို ကန့်ဘလူခရိုင် ပြည်သူ့အုပ်ချုပ်ရေး(ပအဖ) အဖွဲ့ခေါင်း‌ဆောင် မဲခေါင် ခေါ် မြင့်ဇော်ဦး က အလိုမတူဘဲ အသက် ခြိမ်းခြောက်၍ အဓမ္မပြုကျင့်ခဲ့မှုကို တိုင်ကြားခဲ့သော်လည်း အရေးယူခြင်း မရှိဘဲ အချုပ်သူ၏ အသက်အန္တရာယ် စိုးရိမ်နေရ၍ ကျူးလွန်သူကို အမြန်ဆုံးအရေး ယူရန် လိုအပ်ကြောင်း အမှုမှန်ပေါ် ကူညီဆောင်ရွက်ပေးနေသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။

ရွှေဘိုတက္ကသိုလ်တွင် တက်ရောက်နေသည့် Non CDM ကျောင်းသူသည် ၂၀၂၃ ခုနှစ် ဧပြီလအတွင်း ကန့်ဘလူမြို့နယ်ရှိ ပကဖ များ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပြည်သူ့ရဲ အုပ်ချုပ်သည့် C2 အချုပ်ခန်းတွင် ထိန်းသိမ်းခံခဲ့ရချိန်တွင် C2 အချုပ် ခန်း၏ စခန်းမှူး ရဲရင့် ခေါ် လင်းယုန် ထံတွင် ဝင်ထွက်သွားလာနေသည့် မဲခေါင်ဆိုသူ၏ အဓမ္မပြုကျင့်မှုကို အကြိမ်ကြိမ်ခံခဲ့ရ၍ တိုင်ကြားခဲ့သော်လည်း လက်ရှိအချိန်အထိအရေးယူခြင်းမရှိကြောင်း ကျောင်းသူအတွက် အမှုမှန်ပေါ်ရေး ကူညီဆောင်ရွက်ပေးနေသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထိုသို့ ဖမ်းဆီးခြင်းခံရသူ Non CDM ကျောင်းသူ ကို အတင်းအဓမ္မပြုကျင့်သည့် ဦးမဲခေါင်သည် ကန့်ဘလူခရိုင်၏ ခရိုင်နှင့် မြို့နယ် တွဲကိုင်ထားသည့် ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) အဖွဲ့ခေါင်းဆောင်ဖြစ်ကြောင်း သိရှိရသည်။

မဲခေါင် သည် မလဲ့လဲ့ကို C2 အချုပ်ခန်း၏ အမှုစစ်ခုံနားသို့ ခေါ်၍ အတင်းအဓမ္မပြုကျင့်ပြုကျင့်ခဲ့ပြီး ထိုသို့လုပ်ဆောင်ခဲ့မှုအပေါ် တွင် ဘယ်သူမှ မပြောရန်နှင့် ပြောဆိုလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်းများလည်း လုပ်ဆောင်ခဲ့ကြောင်း ကျောင်းသူ ၏ တိုင်ကြားစာတွင် ဖော်ပြထားသည်။

“ဒီကိစ္စကို သူတို့စုံခုံဖွဲ့ပြီး စစ်တယ်ဆိုပြီးတော့ တိုင်းက ဆင်းပြီး စစ်တဲ့ ကိစ္စမျိုး ရှိခဲ့တယ်။ ရှိခဲ့ပေမယ့် ပွင့်လင်းမြင်သာတဲ့ စုံခုံမျိုး မဟုတ်ဘူး။ သူတို့လူချင်းမေးသွားတဲ့ ပုံစံမျိုး နစ်နာသူတွေ ဘာမှ သေချာမေးသွားတာ မရှိဘူး။ တရားရေးက ကျူးလွန်ခံရတဲ့ အချုပ်သူတွေကို စစ်ခွင့်လည်း မရှိခဲ့ဘူး။ အသရေဖျက်သလို ပုံစံမျိုးနဲ့ ပြီးသွားခဲ့တာ။ အခုလည်း အရေးယူခြင်းမရှိသေးဘဲ ကျူးလွန်ခံရသူ အချုပ်သူ၏ လုံခြုံရေးအခြေအနေမှာ စိုးရိမ်ဖွယ်ရာဖြစ်နေပါတယ်။ Non CDM ဖြစ်နေလို့ တခြားအချုပ် ထောင်မှာ ချုပ်ထားတယ်” ဟု အမှုမှန်ပေါ်ရေးကြိုးပမ်းပေးနေသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြား သည်။

ထိုသို့ လိင်အမြတ်ထုတ်မှုများအတွက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသို့ စာပို့တိုင်ကြားထားသော်လည်း တစ်နှစ်ကျော် ကြာသည့်အထိ အရေးယူခြင်းမရှိသေးကြောင်း၊ လတ်တလောအချိန်တွင် အဆိုပါ အမှုကိစ္စအတွက် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်မည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အရေးယူခြင်းမရှိကြောင်း အမှုမှန်ပေါ်ရေးကြိုးပမ်းနေသူများထံမှ သိရှိရသည်။

ထိုသို့ C2 အချုပ်ခန်းတွင် လိင်အမြတ်ထုတ်မှုဖြစ်စဉ်များသည် ကျောင်းသူဖြစ်စဉ် တစ်ခုတည်းမဟုတ်ဘဲ စခန်းမှူးအဖြစ် တာ ဝန် ယူထားသူ ရဲရင့် ခေါ် လင်းယုန် သည်လည်း ဖမ်းဆီးခံထားရသည့် တရားခံ အပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုလုပ် ဆောင်ခဲ့ပြီး ထိုသို့ လုပ်ဆောင်ခဲ့မှုအတွက် မလုပ်ဆောင်ရန် ပြောဆိုခဲ့သူ ပလဖ အဖွဲ့ဝင်ကို အသက်အန္တရာယ်ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရသည်။

C2 ပလဖ အချုပ်စခန်းတွင် တာဝန်ကျနေသည့် ရဲ CDM အာကာ ဆိုသူသည်လည်း အချုပ်သူ တစ်ဦး ကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန် လုပ်ဆောင်ခဲ့ကြောင်း ၊ ထိုသို့သော ဖြစ်ရပ်များအတွက်လည်း လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနသို့ တိုင်ကြားထားသော်လည်း အရေးယူသေးခြင်းမရှိကြောင်း အမှုမှန်ပေါ်ရေး လုပ်ဆောင်နေသူများ ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article