25 C
Yangon

ကလေးထောင်တွင် ထောင်တာဝန်ခံအရာရှိများက နိုင်/ကျဉ်းများ၏ မိသားစုဝင်များအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်

Must read

ကလေးထောင်တွင် ထောင်တာဝန်ခံအရာရှိများက နိုင်/ကျဉ်းများ၏ မိသားစုဝင်များအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်

ရန်ကုန်၊ ဇန်ဝါရီ ၃၀

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးအကျဉ်းထောင်တွင် ထောင်တာဝန်ခံအရာရှိများက နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ကလေးမြို့ အကျဉ်းထောင်တာဝန်ခံအရာရှိများဖြစ်ကြသည့် ထောင်ပိုင် အောင်မိုးဟိန်းနှင့် ထောင်လုံခြုံရေးတာဝန်ခံတစ်ပွင့် ဟန်ဝင်းအောင်တို့က နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ပြောဆိုခြင်း ဖြစ် ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) ထံမှ သိရှိရသည်။

“အထဲက အကျဉ်းကျခံနေရတဲ့ အမျိုးသားကို ငဲ့ညှာကြတဲ့ နိုင်ငံရေးအကျဉ်းသားများ၏ အမျိုးသမီးတွေရဲ့အခက်အခဲကို အခွင့် အရေးအဖြစ် အသုံးချနေတယ်လို့ပဲမြင်ပါတယ်။ ဒီလုပ်ရပ်ဟာ အရမ်းကို အောက်တန်းကျလွန်းတဲ့ လုပ်ရက်ဖြစ်တယ်လို့ပဲပြောချင်ပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကျဉ်းထောင်တာဝန်ခံ အရာရှိအောင်မိုးဟိန်းက ထောင်ဝင်စာဧည့်တွေ့ ပြန်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ ဇနီးဖြစ်သူကို ဖုန်းဖြင့် ဆက်သွယ်ကာ ၎င်းနှင့် အတူနေရန် ချိန်းဆိုသည့်စကားများပြောကာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ပြောဆိုမှုများကိုလည်း ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အကျဉ်းထောင်တာဝန်ခံ အရာရှိအောင်မိုးဟိန်း၏ ကျူးလွန်မှုသည် အဆိုပါ အမျိုးသမီးတင်မကဘဲ အခြားနိုင်/ကျဥ်းမိသားစုဝင်အမျိုးသမီးများအပေါ်၌လည်း ယင်းကဲ့သို့ဆက်သွယ်ကာ နှောင့်ယှက်မှုများကို ပြုလုပ်ခဲ့သေးကြောင်း ၊ ယင်း ထောင်အာဏာပိုင်များသည် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ကျူးလွန်ခဲ့ရာ၌ နိုင်ငံရေးအကျဉ်းသားများ၏ မိန်းမများ၊ မိသားစုဝင်များအပေါ် ဦးတည်ပြီး ပြုလုပ်နေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) ထံမှ သိရှိရသည်။

အလားတူ ကလေးအကျဉ်းထောင်ရှိ ထောင်ဝန်ထမ်းများက နိုင်/ကျဥ်းမိသားစုဝင် အမျိုးသမီးများကို ဆက်သွယ်ကာ ၎င်းတို့အတွက် ငွေကြေးအပါအဝင် နာရီ အစရှိသည့် အသုံးဆောင်ပစ္စည်းများ၊ ခရီးစရိတ်တောင်းခံခြင်းများကိုလည်း ပြုလုပ်နေကြောင်းသိရှိရသည်။

ထိုသို့ ကလေးအကျဉ်းထောင်ရှိ နိုင်/ကျဉ်းမိသားစုဝင်များအပေါ် ထောင်အာဏာပိုင်များမှ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်နေမှုများသည် လူ့ကျင့်ဝတ်အရ၊ လူ့အခွင့်အရေးအရ ချိုးဖောက်နေခြင်း ဖြစ်၍ အပြင်းအထန်ရှုတ်ချကြောင်း၊ ‌ယခုဖြစ်စဉ်များကို မှတ်တမ်းတင်ထားပြီး အမှန်တရားနှင့် တရားမျှတမှုကိုဖော်ဆောင်သွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ကြေညာချက်ထုတ်ပြန်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article