ကြို့ပင်ကောက်မြို့နယ်၊ ရင်တိုက်ကွင်းရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး လသားအရွယ် ကလေးငယ်များ အပါအဝင် ပြည်သူ ၃၇ ဦးကို ဖမ်းဆီးသွား
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရင်တိုက်ကွင်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး လသားအရွယ် ကလေးငယ်များ အပါအဝင် ပြည်သူ ၃၇ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများ ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာတွင် အထိုင်ချ တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄၀ ခန့်သည် ရင်တိုက်ကွင်းကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ အသက် ၈၀ အရွယ် အဖွားအိုများ အပါအဝင် လသားအရွယ် ကလေးငယ်များ အပါအဝင် ပြည်သူ ၃၇ ဦးကို ရွာထဲ၌ ဖမ်းဆီးထားကြောင်း သိရှိရသည်။
“ဒီနေ့ နံနက် အစောပိုင်း၃ နာရီလောက်မှာ ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာမှာ အထိုင်ချ တပ်ဆွဲထားတဲ့ အကြမ်းဖက် စစ်တပ်က အင်အား ၄၀ လောက်နဲ့ ရင်တိုက်ကွင်းကျေးရွာကို ဝင်ရောက်စီးနင်းပြီး ကျေးရွာနေ ပြည်သူ အသက် ၈၀ အရွယ် အဖိုးအဖွားတွေနဲ့ လသားအရွယ် ကလေးတွေပါမကျန် ပြည်သူ ၃၇ ဦးကို အတင်း အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတာပါ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် ဇန်နဝါရီလ ၂၀ ရက်နေ့လည်း အဆိုပါ ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာတွင် အထိုင်ချ တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားက ဇီးကုန်းမြို့နယ်မှ ကြို့ပင်ကောက်မြို့နယ်ကို ဖြတ်သွားစဉ် ပဲကောက်နေသူများနှင့် ထင်း ၊ ဝါး တင်သူ ၃၀ ဦးခန့်ကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး မိသားစုဝင်များက ငွေကြေးဖြင့် ပြန်လည်ရွေးထုတ်ရကြောင်း၊ မှတ်တိုင်ရွာမှလူငယ် ၅ ဦးက အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖမ်းဆီးပြီး တစ်ဦးကို ငွေကျပ် ၄၅ သိန်းဖြင့် ပြန်လည်ရွေးထုတ်ခဲ့ရကြောင်း သိရသည်။