25 C
Yangon

မြန်မာစစ်အုပ်စုကို အနှစ် ၃၀ နီးပါး ပံ့ပိုးထောက်ပံ့နေသည့် စင်္ကာပူကုမ္ပဏီ

Must read

မြန်မာစစ်အုပ်စုကို အနှစ် ၃၀ နီးပါး ပံ့ပိုးထောက်ပံ့နေသည့် စင်္ကာပူကုမ္ပဏီ

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

ယခင်စစ်ခေါင်းဆောင် သန်းရွှေလက်ထက် ၁၉၉၆ ခုနှစ်တွင် စင်ကာပူကုမ္ပဏီ Interra Resources ၏ မြန်မာဖက်စပ်လုပ်ငန်း Goldpetrol သည် မြန်မာနိုင်ငံတွင် ၎င်း၏ ပထမဆုံး‌ရေနံထုတ်လုပ်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည်။ ၄င်းကုမ္ပဏီသည် နှစ်ပေါင်း ၂၀ ခန့် မြန်မာနိုင်ငံတွင် လုပ်ငန်းများလုပ်ဆောင်ခဲ့အပြီး ၂၀၁၇ ခုနှစ်တွင် နောက်ထပ် ၁၁ နှစ် သက်တမ်းတိုးကာ လက်ရှိအချိန်ထိလည်း လုပ်ငန်းများဆက်လက်လည်ပတ်လုပ်ကိုင်နေခြင်းဖြစ်ပြီး စစ်အုပ်စုကို ကာလကြာရှည်စွာ ပံ့ပိုးထောက်ပံ့နေကြောင်း Justice for Myanmar (JFM) အဖွဲ့က ယမန်နေ့က ထုတ်ပြန်လိုက်သည်။

Interra Resources မှ အများပြည်သူသို့ ထုတ်ပြန်ထားသည့် နှစ်စဉ်အစီရင်ခံစာများနှင့် Distributed Denial of Secrets မှ လျှို့ဝှက်ပေါက်ကြားလာသော ဘဏ္ဍာရေးရှင်းတမ်းများအပေါ် ဆန်းစစ်သုံးသပ်မှုများအရ Goldpetrol နှင့် စစ်တပ်ကထိန်းချုပ်ထားသော MOGE တို့အကြား ရေနံတိုးတက်ထုတ်ယူရရှိရေး (IPR) လျှို့ဝှက်စာချုပ်ပါ အချက်အလက်များကို သိရှိခဲ့ရသည်ဟု JFM ကဆိုသည်။

Goldpetrol မှ ထုတ်လုပ်သည့် ရေနံအားလုံးသည် MOGE သို့ ရောက်ရှိခဲ့ပြီး၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ချောက်နှင့် ရေနံချောင်း ရေနံမြေများအတွက် အောက်ထစ်ပေးချေမှုသည် ရေနံစိမ်းစုစုပေါင်းထုတ်လုပ်မှု၏ ၃၉ ရာခိုင်နှုန်းအထိ ရှိခဲ့သည်ဟု JFM က ၄င်းတို့ထုတ်ပြန်ချက််တွင် ဖော်ပြထားသည် ။

ထုတ်လုပ်ရေနံ၏ ကျန် ၆၁ ရာခိုင်နှုန်းသည် Goldpetrol ၏ ထုတ်လုပ်မှုဝေစုဖြစ်ပြီး၊ ယင်းတို့မှ အခွန်၊ ခိုင်ကြေး၊ ပြည်တွင်းဈေးကွက်သို့ ရောင်းချရမည့်ပမဏာနှင့် လက်မှတ်ထိုးကြေးတို့ကို စစ်အုပ်စုမှ ကောက်ယူခဲ့သည်။ စစ်အုပ်စုသည် Goldpetrol ၏ စုစုပေါင်း ရေနံထုတ်ယူမှု တစ်ဝက်ကျော်ကို MOGE သို့ ပေးသွင်းရမည့်ပမာဏမှတဆင့် ရရှိခဲ့ပြီး၊ ကျန်ရေနံများအတွက် ကုမ္ပဏီသို့ ငွေသားဖြင့် ပြန်လည်ပေးချေခဲ့သည်ဟုလည်း ဆိုထားသည်။

အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း Goldpetrol ၏ အမြတ်ငွေအများစုကို စစ်အုပ်စုက ၎င်းတို့၏ အကြမ်းဖက်စစ်ဆင်ရေးအား အရှိန်ဟုန်မြှင့်လုပ်ဆောင်နေချိန် ၂၀၂၂ ခုနှစ်တွင် ရှာဖွေခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းတို့၏ ရေနံထုတ်လုပ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၆၇ သန်းကျော်သို့ ရောက်ရှိခဲ့သည်။

လျှို့ဝှက်ပေါက်ကြားလာသော ဘဏ္ဍာရေးရှင်းတမ်းများအရ MOGE သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှ မေလအတွင်း Goldpetrol ထံ စစ်အုပ်စုထိန်းချုပ်ဘဏ်ဖြစ်သော MFTB မှတဆင့် အမေရိကန်ဒေါ်လာ ၁၁ သန်းကျော် ပေးချေခဲ့သည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏အဆိုအရ နိုင်ငံတကာ၏ ပိတ်ဆို့မှုများကို ရှောင်ရှားရန်အတွက် စစ်အုပ်စုသည် မည်သည့်နိုင်ငံကမျှ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားခြင်း မရှိသေးသည့် နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ် (MEB) ကိုအသုံးပြု တုန့်ပြန်ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

အနည်းဆုံးအနေဖြင့် Goldpetrol ၏ ရေနံမှ နှစ်ရှည်လများ အကျိုးအမြတ်များသည် မသမာသည့်နည်းလမ်းများဖြင့် စစ်ဗိုလ်ချုပ်ကြီးများ၏ အိတ်ထဲသို့ ရောက်ရှိသွားခဲ့ပုံရပြီး၊ ၎င်းတို့၏ ပကာသန စီမံကိန်းများအတွက် ငွေကြေးထောက်ပံ့ခဲ့ပုံရသည်ဟု Justice for Myanmar က ဝေဖန်ပြောဆိုသည်။

Wikileaks က ထုတ်ပြန်ခဲ့သည့် အမေရိကန်သံရုံး၏ ၂၀၀၈ ခုနှစ် ကြေးနန်းအရ စစ်အုပ်စုသည် ရေနံနှင့်သဘာဝဓါတ်ငွေ့မှ ဒေါ်လာဘီလီယံပေါင်းများစွာ ဝင်ငွေရရှိနေသော်လည်း Goldpetrol နှင့် အခြားကုမ္ပဏီများသို့ ပေးချေရာတွင် စစ်အုပ်စုအနေဖြင့် ဆိုးဆိုးရွားရွား ကြန့်ကြာနှောင့်နှေးနေခဲ့ကြောင်း ဆိုထားပြီး၊ စစ်ဗိုလ်ချုပ်ကြီးများသည် ယင်းရေနံဝင်ငွေများကို နေပြည်တော် မြို့တော်သစ် တည်ဆောက်ရာတွင် အသုံးပြုခဲ့ကြောင်း သို့မဟုတ်ပါက ယင်းငွေများကို စစ်ဗိုလ်ချုပ်ကြီးများ၏ ကိုယ်ပိုင်ဘဏ်အကောင့်များထံ ပြောင်းရွှေ့ရယူခဲ့ကြောင်း အဆိုပါကြေးနန်းစာက ဆိုထားသည်။

Goldpetrol ၏ ကုန်းတွင်းရေနံမြေများဖြစ်သည့် ချောက်နှင့် ရေနံချောင်းတို့သည် မြန်မာနိုင်ငံ၏ အကြီးဆုံး ရေနံလုပ်ကွက်များမှ နှစ်ခုဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီး အလယ်ပိုင်းရှိ မြေနေရာ ၁၈၀၀ စတုရန်းကီလိုမီတာ ကျယ်ပြန့်သည်။ မကွေးတိုင်းဒေသကြီးတွင် စစ်အုပ်စုသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များထံ နယ်မြေများ ဆက်တိုက်ဆုံးရှုံးလျက်ရှိပြီး၊ စစ်အုပ်စုသည် ပြည်သူများအပေါ် ပစ်မှတ်ထားသော စစ်ရာဇဝတ်မှုမြောက်သည့် ရက်စက်ကြမ်းကြုတ်သော လေကြောင်းတိုက်ခိုက်မှုများဖြင့် တုံ့ပြန်ခဲ့သည်ဟု JFM ကထုတ်ပြန်‌ပြောဆိုခဲ့သည်။

၂၀၂၂ ခုနှစ်တွင် Goldpetrol သည် ရေနံစည်ပေါင်း ၈၅၅၀၀၀ စည် ထုတ်လုပ်နိုင်ခဲ့ပြီး၊ အဆိုပါပမာဏသည် ယင်းနှစ် မြန်မာနိုင်ငံ ထုတ်လုပ်မှုအားလုံး၏ ၄၀ ရာခိုင်နှုန်းရှိကြောင်း စစ်အုပ်စုထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရသည်။

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ Interra Resources က ၎င်းတို့တွင် ထုတ်လုပ်နိုင်မည့်မျှော်မှန်းရေနံသည် စည်ပေါင်း ၃.၁ သန်းနီးပါး ရှိကြောင်း၊ နောင်တွင် ဆက်လက်ရရှိနိုင်မည့် “ဖြစ်နိုင်ခြေရေနံရင်းမြစ်” အနေဖြင့် စည်ပေါင်း ၁၂.၂၇ သန်းအထိ ရှိကြောင်း ဆိုထားသည်။

အီးလ်မေးဖြင့် အကြောင်းပြန်ကြားသော သဘောထားမှတ်ချက်တွင် Interra ၏ ပြောရေးဆိုခွင့်ရှိသူက Goldpetrol နှင့် MOGE တို့၏ စာချုပ်တွင် “ထုတ်လုပ်သည့်ရေနံအားလုံးအား အိမ်ရှင်အစိုးရထံ ရောင်းချရမည်” ဟု ပါရှိသည်ဟု ပြောဆိုခဲ့ကြောင်း JFM ကဆိုထားပြီး Interra Resources အနေဖြင့် စစ်အုပ်စုထံ ရေနံရောင်းချထောက်ပံ့နေမှုကို ချက်ချင်းရပ်တန့်ရန်အတွက် တောင်းဆိုခဲ့သည်။

စင်ကာပူစတော့အိတ်ချိန်းအနေဖြင့် MOGE နှင့် စီးပွားရေး ဆက်လက်လုပ်ဆောင်မှု၊ ရေနံဆီရောင်းချ ထောက်ပံ့မှုမှတဆင့် စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်မှုများအတွက် Interra Resources အား စည်းမျဉ်းပိုင်းဆိုင်ရာ အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်သင့်ကြောင်းလည်း JFM ကတောင်းဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article