26 C
Yangon

အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုကို “ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စု အားကောင်းရေး” မူဝါဒအသစ်ဖြင့် တည်ဆောက်မည်ဟု NUCC ၊ NUG ၊ CRPH ၊ NLD နှင့် ချင်းညီနောင်အဖွဲ့တို့က ပူးတွဲ ကြေညာ

Must read

အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုကို “ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စု အားကောင်းရေး” မူဝါဒအသစ်ဖြင့် တည်ဆောက်မည်ဟု NUCC ၊ NUG ၊ CRPH ၊ NLD နှင့် ချင်းညီနောင်အဖွဲ့တို့က ပူးတွဲ ကြေညာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

မြန်မာနိုင်ငံတွင် “ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စု အားကောင်းရေး”မူဝါဒသစ်ဖြင့် အနာဂတ်ဖက်ဒရယ် ပြည် ထောင်စု တည်ဆောက်နိုင်သည်အထိ ဦးတည်လျှောက်လှမ်းမည်ဖြစ်ကြောင်း NUCC ၊ NUG ၊ CRPH ၊ NLD နှင့် ချင်းညီနောင်အဖွဲ့တို့က ပူးတွဲ ကြေညာလိုက်သည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့က အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ – NUCC ၊ အမျိုးသားညီ ညွတ်ရေးအစိုးရ – NUG ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ – CRPH ၊ အမျိုးသားဒီမို ကရေ စီ အဖွဲ့ချုပ် – NLD နှင့် ချင်းညီနောင်အဖွဲ့ (CB) တို့ က ထိုသို့ ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

“ပြည်နယ်ဖက်ဒရယ်ယူနစ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေး Bottom-up Federalism ချဉ်းကပ်မှုဆိုတာက ဒီတော်လှန်ရေးက နိုင်ငံတော်သစ်တစ်ခုထူထောင်ရေး ရည်မှန်း ပြီးတော့ သွားနေတဲ့ တော်လှန်ရေးဖြစ်တယ်။ ပြောချင်တာက အုပ်ချုပ်မှုပုံသဏ္ဍာန် လေးပဲ ပြောင်း တာ၊ အသွင်သဏ္ဍာန်လောက်ပဲ ပြောင်းတာ ၊ အနှစ်သာရ ပြောင်းဖို့အတွက် မကြိုးစားဘူး ဆိုတာ မဟုတ်ပဲနဲ့ ကျနော်တို့က အုပ်ချုပ်မှုပုံသဏ္ဍာန်ရော၊အသွင်သဏ္ဍာန်ရော စနစ်တစ်ခုကိုပါ ပြောင်းဖို့ အတွက်ကို ကြိုးစားနေတဲ့ တော်လှန်ရေးဖြစ်တယ်။ အဲဒီအခါမှာ နိုင်ငံတော်သစ်ကို ထူထောင်တဲ့ အခါမှာ “ပြည်နယ်ပေါင်းစု ပြည် ထောင်စု” ဆိုတဲ့ Bottom-up Federalism ချဉ်းကပ်ပြီးတော့ ပြည် နယ်ဖက်ဒရယ်ယူနစ်တွေအားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေးပေါ့၊ ဒီပုံစံ မျိုးနဲ့အနာ ဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်တဲ့အထိ ဦးတည်ပြီးလျှောက်လှမ်း နေ တယ်ဆိုတာကို ဖော်ပြထားတယ်။ နောက်တစ်ခုကတော့ ကျနော်တို့ရဲ့ နိုင်ငံရေးဦး တည် ချက် ၆ ချက်ကိုလည်းအခိုင်အမာနဲ့ သဘောထူထားတယ်ဆိုတာကိုပါ ပူးတွဲထုတ်ပြန်တဲ့ သဘော လည်းဖြစ် ပါတယ်” ဟု CRPH ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစည်သူ မောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဘုံရည်မှန်းချက်သည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး အသွင်သဏ္ဍာန်နှင့် အနှစ်သာရပြောင်းလဲမည့် စနစ်ပြောင်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဖြစ်သည်နှင့်အညီ တန်းတူညီမျှမှု နှင့်ပြည်သူလူထု၏ဆန္ဒကို အခြေခံ၍ ပြည်နယ်/ဖက်ဒရယ်ယူနစ် အားကောင်းရေးကိုရှေ့ရှုသည့် ပြည် နယ်/ဖက်ဒရယ်ယူနစ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalism) ချဉ်းကပ်မှုဖြင့် တော်လှန်ရေး ကာလ/ကြားကာလမှ စတင်ကာ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည် ထောင်စု တည်ဆောက်နိုင်သည် အထိ ဦးတည်လျှောက်လှမ်းနေပြီ ဖြစ်ကြောင်း ကြေညာသည်။

၂၀၂၅ ခုနှစ်တွင် တိုင်းရင်းသားပြည်သူလူထုတရပ်လုံး လိုလားတောင့်တလျက်ရှိသည့် အောင်မြင်မှု ပန်းတိုင်သို့ အရောက်လှမ်း ချီတက်နိုင်ရန် ရရှိထားပြီးသော စုစည်းညီညွတ်မှုများထက် ပိုမိုကျယ်ပြန့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများ ရရှိစေရန် ကြိုးပမ်းအားထုတ်ရင်း စုပေါင်းတော်လှန် တိုက်ပွဲ ဝင် လျက်ရှိကြောင်း ကြေညာသည်။

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုများနှင့်တကွ ၁၀/၂၇ စစ်ဆင်ရေး အပါအဝင် နိုင်ငံတဝှမ်း အလားတူအောင်မြင်မှုများ၊ ကဏ္ဍစုံမှအောင်မြင်မှုများအတွက် တော်လှန်ပြည်သူ များနှင့်သက်ဆိုင် ရာ နိုင်ငံရေး/တော်လှန်ရေးအင်အားစုများကို လေးနက်စွာ ဂုဏ်ပြုပါကြောင်း၊ ကမ္ဘာ့ကုလ သမဂ္ဂ တွင်သံအမတ်ကြီးဦးကျော်မိုးထွန်းအနေဖြင့် မြန်မာနိုင်ငံကိုယ်စားပြုတာဝန်များ ဆက်လက်ထမ်း ဆောင်ခွင့်ရခြင်းကို သံတမန်ရေးရာ ပြည်သူ့အောင်ပွဲအဖြစ် မှတ်ယူကြောင်း ကြေညာချက်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံနိုင်ငံရေး ခေါင်းဆောင်များနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ် မြောက် ရေးသည် မြန်မာနိုင်ငံ၏ လက်ရှိပြဿနာများကို ဖြေရှင်းနိုင်ရေး အတွက် အလွန်အရေးကြီးကြောင်း ထောက်ပြထား သည်။

ထို့ပြင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးအတွက် နိုင်ငံရေးဦးတည်ချက် ၆ ရပ်ကို ချမှတ်ထား အသိပေးထား သည်။ အဆိုပါအချက်များတွင်

(က) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး အနာဂတ်တွင် စစ်တပ်၏နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊

(ခ) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်၊

(ဂ) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်၊

(ဃ) သက်ဆိုင်သူ အစုအဖွဲ့များအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲ ပြဌာန်းရန်၊

(င) ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အသစ်အား တည်ဆောက်ရန်၊

(စ) ပဋိပက္ခအတွင်း “လိင်နှင့် ကျား၊မအပေါ် အခြေခံသော အကြမ်းဖက်မှုများ အပါအဝင်” မတရား ကျူးလွန်ခံရသူများအတွက် တရားမျှတမှုပြန်လည်ရရှိရေးနှင့် အသွင်ကူးပြောင်းရေး ကာလ တရားမျှ တမှုရရှိရေး လုပ်ငန်းစဉ် ဖော်ဆောင်ရန်၊

တို့ဖြစ်ကြောင်း သိရသည်။

“ဒါက အားကောင်းတဲ့ကြေညာချက်တစ်ခုဖြစ်တယ်၊ အထူးသဖြင့် အမျိုးသားညီညွတ်ရေး အတိုင် ပင်ခံကောင်စီမှာဆိုရင် သက်ဆိုင်အစုအဖွဲ့တွေ၊ EROတွေ ၊ နောက်ပြီးတော့ ပြည်နယ်ယူနစ်အတိုင် ပင်ခံကောင်စီတွေ၊ သပိတ်တွေ၊ တက်ကြွလှုပ်ရှားသူတွေ အားလုံးပါတယ်။ နောက်တစ်ခုက ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ခံထားရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ၊ ပြည်ထောင်စုအဆင့်လွှတ် တော်ကိုယ်စားလှယ်တွေပါဝင်တဲ့ CRPH ရယ်၊ မြန်မာနိုင်ငံသမိုင်းတလျှောက်မှာ လူထုထောက်ခံမှု အများဆုံးရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် – NLD ပါတီကစလို့ ဒီတော်လှန်ရေးကာလရဲ့ အစိုး ရဖြစ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG ၊ ချင်းညီနောင် ( Chin Brotherhood) တို့ရဲ့ ပူးတွဲ ထုတ်ပြန်ချက်ပေါ့။ ယေဘူယျအားဖြင့် ဒီထုတ်ပြန်ချက်တွေက ဒီ ၄ နှစ်တာကာလအတွင်းမှာ ထုတ် ပြန်ခဲ့တဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို ထပ်လောင်းပြီးတော့ ကတိကဝတ်ပြုတာပဲ။ ဒီမှာကတော့ အဖွဲ့အားဖြင့်ဆိုရင် စုံတယ်။ အားကောင်းတဲ့ကြေညာချက်တစ်ခု၊ ပူးတွဲထုတ်ပြန်ချက်တစ်ခုလို့ ပထမ ဆုံးပြောချင်တယ်။ ကျနော်တို့မှာက Unity ရှိပြီးဖြစ်တယ်။ ဆက်လက်ပြီးတော့လည်း နိုင်ငံရေး ရည် မှန်းချက်တွေ ရရှိ သည် အထိ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားမယ်ဆိုတာကို ထုတ်ပြန်တာပါ။” ဦးစည်သူမောင်က ပြောဆိုသည်။

ပြည်နယ်/ဖက်ဒရယ်ယူနစ်များ သတ်မှတ်ဖွဲ့စည်းရေးနှင့် နယ်နိမိတ်ပိုင်းခြားသတ်မှတ်ရေး ကိစ္စရပ် များကို အသွင်ကူးပြောင်းရေးကာလရောက်ရှိသည့်အခါ ပြည်သူလူထု၏ဆန္ဒကိုအခြေခံ၍ မည်သည့် ခွဲခြားဆက်ဆံခြင်းမရှိစေဘဲ အဓိကသက်ဆိုင်သူအားလုံး ပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများတွင် ငြိမ်း ချမ်းစွာ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တော်လှန်ရေးအင်အားစုများ အချင်းချင်းကြား ဖြစ်ပွားသော မည်သည့်အငြင်းပွားမှုကိုမဆို မိတ်ဖက်ပဋိပက္ခများအဖြစ် မှတ်ယူ၍ ငြိမ်းချမ်းသော နည်း လမ်းများဖြင့်သာ ဖြေရှင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုသည် မြန်မာနိုင်ငံ ပြိုကွဲမည့် အခြေအနေသို့ တွန်းပို့ဖန်တီးနေ သည့် အဓိကတရားခံ ဖြစ်သည့်အပြင် မင်းအောင်လှိုင်နှင့်အပေါင်းအပါတို့သည် လူသားမျိုးနွယ် အ ပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မဖြစ်မနေတာဝန်ခံရမည်ဖြစ်ပြီး တပ်မတော်သား အား လုံးအနေဖြင့် အာဏာသိမ်းအကြမ်းဖက် စစ်တပ်မှစွန့်ခွာ၍ ပြည်သူလူထုလိုလားသော ဂုဏ်သိက္ခာ ရှိသည့် တပ်မတော်တရပ်အဖြစ် ပေါ်ထွန်းလာရေးအတွက် ပူးပေါင်းကြရန် ဖိတ်ခေါ်ထားသည်။

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုသည် ရွေးကောက်ပွဲကျင်းပရန် အခွင့်အာဏာမရှိသည့်အပြင် လက်ရှိ နိုင်ငံရေးအခြေ အနေသည်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်မည့် အခြေအနေ မဟုတ်ကြောင်း၊ အတုအယောင်ရွေးကောက်ပွဲကို အဓမ္မကျင်းပရန်ပြင်ဆင်နေခြင်းသည် မြန်မာနိုင်ငံပြိုကွဲမှုကို ဦး တည်စေပြီး ပဋိပက္ခများကိုသာ တိုးပွားလာစေမည့်အပြင် ဒေသတွင်းမတည်ငြိမ်မှုများ ပိုမိုပေါ်ပေါက် လာစေမည် ဖြစ်သောကြောင့် ပြည်သူလူထုနှင့် နိုင်ငံတကာအသိုက်အဝန်းက ပူးပေါင်းပါဝင်ခြင်း၊ ပံ့ ပိုးကူညီခြင်း၊ အသိအမှတ်ပြုခြင်းများအား ရှောင်ကြဉ်ကြရန် တိုက်တွန်းထားသည်။

အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေသည့် ရာဇဝတ်မှုများနှင့် အဓမ္မစစ်သားစုဆောင်း ခြင်းလုပ်ရပ်တို့ကြောင့် မြန်မာပြည်သူတို့၏ လူမှုစီးပွားဘဝကို အလွန်အမင်းထိခိုက်ပျက်စီးစေပြီး ပြည်တွင်း၊ ပြည်ပသို့ နေရပ်စွန့်ခွါမှုများ တိုးပွားလာစေကာ ဒေသတွင်း မတည်ငြိမ်မှုကို ပိုမိုဆိုးရွား စေမည်ဖြစ်ကြောင်း NUCC ၊ NUG ၊ CRPH ၊ NLD နှင့်ချင်းညီနောင်- CB တို့က ကြေညာထားသည်။

ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများ လက်ရှိခံစားနေရသည့် အတိဒုက္ခ များကို အမြန်ဆုံးကုစားနိုင်ရန် ကျွန်ုပ်တို့တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ လက်တွေ့ကျပြီး ထိရောက်သော ပံ့ပိုးကူညီမှုများ ပေးအပ်ရန် တောင်းဆိုထားသည်။

ထို့ပြင် နိုင်ငံအချို့အနေဖြင့် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူအပေါ်အကြမ်းဖက်လုပ် ရပ်များ ကျူးလွန်နိုင်စေရန် လေယာဉ်ဆီအပါအဝင် စစ်လက်နက်ပစ္စည်းများ ပံ့ပိုးရောင်းချခြင်း၊ သံတမန်ရေးရာအရ အသိအမှတ်ပြုဆက်ဆံခြင်းတို့ကို ရပ်တန့်ရန် ဆက်လက်တောင်းဆိုထားသည်။

NUCC ၊ NUG ၊ CRPH ၊ NLD နှင့်ချင်းညီနောင်- CB တို့အနေဖြင့် တိုင်းရင်းသားပြည်သူလူထုတရပ် လုံး လိုလားတောင့်တသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးအတွက် စည်း လုံးညီညွတ်စွာဖြင့် အတူတကွ ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြု ထားသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်မြို့ ဆန္ဒပြပွဲ။

Photo Credit-The New York Times ။

FILE — A demonstrator forms a three-finger protest symbol during a demonstration in Yangon, Myanmar, on Feb. 17, 2021. Daily protests in the days after the military seized power have been replaced by an eerie quiet. (The New York Times)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article