31 C
Yangon

စင်္ကာပူကုမ္ပဏီ၏ ထောက်ပံ့မှုဖြင့် လည်ပတ်နေသော စစ်အုပ်စု၏ ပြည်တွင်းလောင်စာဆီ ထောက်ပံ့ရေးကွင်းဆက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ နိုင်ငံခြားအရန်ငွေများ လျော့နည်းလာခြင်းများအပါအဝင် ပြည်တွင်းဘဏ်တချို့နှင့် လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်များအပေါ် နိုင်ငံတကာ၏ ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ပြည်ပမှလောင်စာဆီတင်သွင်းရန် ခက်ခဲလာသော စစ်အုပ်စုအတွက် ပြည်တွင်းလောင်စာဆီထုတ်လုပ်မှုသည် ၎င်းတို့၏ အကြမ်းဖက်စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် အရေးပါလာခဲ့သည်။

ထိုသို့လောင်စာဆီရရှိရန်ခက်ခဲလာသော စစ်ကောင်စီ၏အတွက် အရေးပါလာသော အဆိုပါပြည်တွင်းလောင်စာဆီ ထောက်ပံ့ရေးကွင်းဆက်အား စင်္ကာပူကုမ္ပဏီ Interra Resources က ၄င်း၏ မြန်မာဖက်စပ်ကုမ္ပဏီ Goldpetrol မှတဆင့် ‌ထောက်ပံ့ကူညီနေကြောင်း Justice for Myanmar (JFM) က အစီရင်ခံစာထုတ်ပြန်ပြောဆိုလိုက်သည်။

စင်ကာပူကုမ္ပဏီ Interra Resources ၏ မြန်မာဖက်စပ်လုပ်ငန်း Goldpetrol သည် ၁၉၉၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ကုန်းတွင်းရေနံထုတ်လုပ်ရေးလုပ်ငန်းများ စတင်ခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး အလယ်ပိုင်းရှိ မြေနေရာ ၁၈၀၀ စတုရန်းကီလိုမီတာခန့် ကျယ်ပြန့်သည့် ချောက်နှင့် ရေနံချောင်းဖက်တွင် လုပ်ငန်းများ လည်ပတ်လုပ်ကိုင်‌နေသည်။

၂၀၂၂ ခုနှစ်တွင် Goldpetrol သည် ရေနံစည်ပေါင်း ၈၅၅,၀၀၀ စည် ထုတ်လုပ်နိုင်ခဲ့ပြီး၊ အဆိုပါပမာဏသည် ယင်းနှစ် မြန်မာနိုင်ငံ၏ ထုတ်လုပ်မှုအားလုံး၏ ၄၀ ရာခိုင်နှုန်းရှိကြောင်း စစ်အုပ်စုထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရပြီး၊ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ မြန်မာနိုင်ငံတွင်း ထုတ်လုပ်မည့်မျှော်မှန်းရေနံသည် စည်ပေါင်း ၃.၁ သန်းခန့်ရှိကြောင်းလည်း Interra Resources ၏ထုတ်ပြန်ချက်များကို ကိုးကားပြီးJFM ကဆိုသည်။

လက်ရှိစစ်အုပ်စု ထိန်းချုပ်ထားသော မြနမာ့ရေနံဓာတုလုပ်ငန်းအောက်တွင် ရေနံသန့်စင်စက်ရုံ သုံးခုရှိပြီး၊ ယင်းတို့မှာ ၂၀၁၇ ခုနှစ်ကတည်းက ပိတ်ထားသည့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင် အမှတ် (၁) ရေနံချက်စက်ရုံ၊ မကွေးတိုင်း ချောက်မြို့ရှိ အမှတ် (၂) ရေနံချက်စက်ရုံနှင့် မကွေးတိုင်းအတွင်းပင်ရှိသည့် မန်းသံပုရာကန် ရေနံဓါတုဗေဒစက်ရုံစု (TBGN) တို့ဖြစ်သည်။

ထို့အပြင် မန်းရေနံချက်စက်ရုံသည် အရေးပါသော လေယာဉ်ဆီအပါအဝင် လောင်စာဆီအမျိုးမျိုးကို ထုတ်လုပ်နိုင်စွမ်းရှိကြောင်း စစ်အုပ်စုထိန်းချုပ်ထားသည့် စစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာနက ဖော်ပြထားသည်။

မန်းရေနံချက်စက်ရုံသည် ဧရာဝတီမြစ်ကမ်းဘေးရှိ မြန်မာစစ်အုပ်စုအတွက် မဟာဗျူဟာအရ အလွန်အရေးပါသည့် နေရာတွင် တည်ရှိသည်။ Goldpetrol မှထုတ်လုပ်သည့် ချောက်နှင့် ရေနံချောင်းရေနံမြေများမှ ရေနံများကို သန့်စင်ချက်လုပ်ရန်အတွက် တွန်းသင်္ဘောများဖြင့် ဧရာဝတီမြစ်ရိုးတလျှောက်ဖြတ်ကာ သယ်ယူပြီး မန်းရေနံချက်စက်ရုံသို့ ပို့ဆောင်ခြင်းဖြစ်သည်။

မန်းရေနံချက်စက်ရုံမှ သန့်စင်လိုက်သည့် ရေနံထုတ်ကုန်များအား အဓိကအသုံးပြုသူသည် စစ်အုပ်စုဌာနချုပ်စခန်းများဖြစ်ကြောင်း Goldpetrol ၏ လုပ်ငန်းများအကြောင်း သိရှိထားသည့် ယုံကြည်ထိုက်သောသတင်းရင်းမြစ်များကို ကိုးကားပြီး JFM ကဆိုသည်။ လောင်စာဆီများကို အစိုးရဌာနများသို့လည်း ပံ့ပိုးထောက်ပံ့ပြီး၊ ပိုလျှံသည့်ရေနံများကို စစ်အုပ်စုက ပုဂ္ဂလိကကုမ္ပဏီများသို့ လေလံတင်ရောင်းချသည်ဟုလည်း ဖော်ပြထားသည်။

မန်းရေနံချက်စက်ရုံသည် မကွေးလေတပ်နှင့် ဖောက်ခွဲရေးအတွက် အရေးပါသောပစ္စည်းများ၊ ယမ်းမှုန့်များ ထုတ်လုပ်သည့် အမှတ် (၁၃) တပ်မတော်ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၃)တို့အကြား တည်ရှိပြီး၊ ထိုသို့သောလက်နက်စက်ရုံများ လည်ပတ်နိုင်ရန်အတွက် စွမ်းအင်အမြောက်အများလိုအပ်သည်ဟု သိရသည်။

မန်းရေနံချက်စက်ရုံနှင့် အနီးရှိ အမှတ် (၁၃) တပ်မတော်ကာကွယ်ရေးပစ္စည်းစက်ရုံတို့မှ ညဘက်အလင်း ရောင်ထုတ်လွှင့်မှုကို ကျွမ်းကျင်ပညာရှင်တစ်ဦး၏ လေ့လာဆန်းစစ်ချက်အရ ရေနံချက်စက်ရုံတွင် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းအထိ ညအချိန်အလင်းရောင်ထုတ်လွှင့်မှုများ သိသိသာသာ မြင့်တက်နေကြောင်း၊ ယင်းနောက်ပိုင်းတွင် ညအချိန်အလင်းရောင်ထုတ်လွှင့်မှုသည် ရပ်တန့်သွားကြောင်း JFM ကဆိုသည်။ သို့သော် ညအချိန် အလင်းထုတ်လွှင့်မှုမြင့်တက်ခြင်းသည် လက်နက်စက်ရုံအတွင်း လုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်ခြင်းနှင့် တိုက်ရိုက်အချိုးကျသည်ဟု ပြော၍မရကြောင်းလည်း ရှင်းလင်းထားသည်။ တစ်ချိန်တည်းတွင် ချောက်ရေနံချက်စက်ရုံ၏ ညအလင်းရောင်ဆန်းစစ်ချက်တွင်မူ ထိုကာလအတွင်း အလင်းထုတ်လွှင့်မှု သိသိသာသာလျော့ကျနေကြောင်း ပြသနေသည်။

ယင်းအချက်သည် မန်းရေနံချက်စက်ရုံအနေဖြင့် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံ၏ ပြည်တွင်း လေယာဉ်ဆီထုတ်လုပ်မှု သိသိသာသာမြင့်မားလာခြင်း၏ အဓိကရင်းမြစ်ဖြစ်ကြောင်း ရည်ညွှန်းနေသည်ဟု Justice for Myanmar က၄င်း၏အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့အပြင် ၂၀၂၂ ခုနှစ် ပထမသုံးလပတ်အတွင်း ပြည်တွင်းလေကြောင်း တာဘိုင်လောင်စာဆီထုတ်လုပ်မှုသည် ယခင်နှစ်၏ ကာလတူအချိန်နှင့် နှိုင်းယှဉ်လျှင် ၁၇၄ ရာခိုင်နှုန်း မြင့််တက်ခဲ့ပြီး၊ ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း ထုတ်လုပ်မှုသည် ဂါလန်ပေါင်း ၂ သန်းအထိ ရောက်ရှိခဲ့ကြောင်းလည်း ဖော််ပြထားသည်။

ထို့ကြောင့် Goldpetrol မှ ထုတ်ယူသည့် ရေနံများသည် စစ်အုပ်စု၏ လောင်စာဆီလျော့နည်းလာမှု အကျပ်အတည်းကို ဖာထေးကူညီခဲ့ပြီး၊ ထိုမှတဆင့် ၎င်းတို့၏ နိုင်ငံတကာရာဇဝတ်ဥပဒေချိုးဖောက်မှုများကို ဆက်လက်လုပ်ဆောင်နေနိုင်ခြင်းဖြစ်သည့်အတွက် Goldpetrol ၏ လုပ်ငန်းများအပေါ် လွှမ်းမိုးနေသည့် တည်ဆဲဥပဒေကြောင်းအရဆက်ဆံရေးများကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်း၊ အခြားသောနောက်တစ်ဆင့် ကာကွယ်ရေးယန္တရားများ ချမှတ်ခြင်းဖြင့် ဖြတ်တောက်ရမည်ဟု JFM ကထုတ်ပြန်သည်။

Interra Resources သည် Goldpetrol ၏ ရေနံများအား မည်သို့မည်ပုံသုံးစွဲနေမှုအပေါ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး၊ “MPE နှင့် လုပ်ငန်းဆက်နွှယ်မှု မရှိကြောင်း” ကိုသာဖော်ပြခဲ့ကြောင်း JFM ကဆိုထားပြီး Interra Resources အနေဖြင့် စစ်အုပ်စုထံ ရေနံများ ရောင်းချထောက်ပံ့နေမှုကို ချက်ချင်းရပ်တန့်ရန် Justice For Myanmar က တောင်းဆိုခဲ့သည်။

MOGE နှင့် စီးပွားရေး ဆက်လက်လုပ်ဆောင်မှု၊ ရေနံရောင်းချ ထောက်ပံ့မှုမှတဆင့် စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သတ်နေမှုများအတွက် Interra Resources အား စည်းမျဉ်းပိုင်းဆိုင်ရာ အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်သင့်ကြောင်းလည်း စင်္ကာပူစတော့အိတ်ချိန်းအား JFM ကတောင်းဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article