ဆီဆိုင်တွင် စစ်တပ်နှင့် PNO အဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး
ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် PNO အဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း PNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ ခွန်းယိမ်းယံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဆီဆိုင်မြို့နယ်၊ ကောင်ထိုကျေးရွာတွင် နေထိုင်သော ခွန်ဖါလိန် နှင့် နန်းဆွေ တို့ လင်မယား ၂ ဦးသည် တောင်ယာမှ စပါးများကို ထော်လာဂျီဖြင့် သယ်၍ ပြန်လာစဥ် လွယ်ချယ် – တပူးထိုရွာ လမ်းခွဲအနီး အရောက်တွင် အကြမ်းဖက် စစ်တပ် နှင့် PNO အဖွဲ့ က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ၂ ဦးလုံး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
“တောင်ယာကနေပြန်လာတဲ့ ဒေသခံ ၂ ဦးပေါ့။ ကောင်ထိုကျေးရွာနေ လင်မယား ၂ ဦး စပါးသယ်လာတာကို သူတို့က စိုက်ပျိုးရိတ်သိမ်း ထားတဲ့ စပါးတွေ သယ်လာတာ အဲဒီနေရာမှာ ရောက်တော့ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကျဲလို့ လင်မယား ၂ ဦးစလုံး နေရာမှာပဲ သေဆုံးသွားတယ်။ မနေ့ကတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘူး။ တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲနဲ့ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကျဲတယ်။ ပြီးတော့ ဟောင်ဝှစ်ဇာအမြောက် လက်နက် ကြီးနဲ့လည်း ၄ ကြိမ်ပစ်တယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်တာတော့ ပြည်သူထိခိုက်တာမရှိဘူး။ သို့ပေမယ့် ဒရုန်းနဲ့ ဗုံးကျဲတာမှာ သူတို့ ၂ ဦးက သေဆုံးသွားပါတယ်” ဟု PNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ခွန်းယိမ်းယံ က ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်နှင့် PNO ပြည်သူ့စစ်များသည် ပအိုဝ်းပြည်သူကို ရန်သူသဖွယ်သတ်မှတ်ကာ တိုက်ခိုက် သတ်ဖြတ်နေခြင်းဖြစ်ပြီး ပအိုဝ်းဒေသနှင့် ပအိုဝ်းပြည်သူ များကို လက်နက်ကြီးများ၊ ဒရုန်းများ ၊ လေယာဥ်များဖြင့် ပစ်ခတ် သတ်ဖြတ်နေခြင်း ဖြစ်ကြောင်း၊ PNO တပ်ဖွဲ့အတွင်းရှိ ပအိုဝ်းလူမျိုးများအနေဖြင့် ကိုယ့်လူမျိုးမဟုတ်သည့် အစုအဖွဲ့ တစ်ခု၏ ခေါင်းဆောင် ခရိုနီနေဝင်းထွန်းအတွက် ကိုယ့်လူမျိုး၊ ကိုယ့်ဒေသကို ပြန်လည်သတ်ဖြတ် နေရမှုကို သေချာပြန်လည်စဉ်းစားသုံးသပ်ကြရန် PNLA က အသိပေး ပြောဆိုသည်။
“ဒါက သူတို့ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်တယ်။ ပြီးတော့ ပအိုဝ်းလူမျိုး၊ ပအိုဝ်းဒေသ၊ ပအိုဝ်းကျေးရွာတွေကို တမင်သက်သက် တိုက်ခိုက်ဖျက်ဆီး နေတာဖြစ်ပါတယ်။ PNO ပြည်သူ့စစ်တွေက အများဆုံးက ပအိုဝ်းပဲ ဆိုပေမယ့် သူတို့ရဲ့ ခေါင်းဆောင် ၊ လူတစ်ဦး တစ်ယောက်ရဲ့ အကျိုးစီးပွား ၊ ပအိုဝ်းလူမျိုးမဟုတ်တဲ့ သူတို့ရဲ့ခေါင်းဆောင် ခရိုနီ နေဝင်းထွန်း ရဲ့ အကျိုးစီးပွားကို ကာကွယ်ရင်းနဲ့ ကိုယ့်လူမျိုးနဲ့ ပြန်သတ်ဖြတ်နေရတဲ့ အဆင့်ရောက်လာနေ တာဖြစ်ပါတယ်။ ဒါကြောင့် PNO ပြည်သူ့စစ်မှာ ရှိနေတဲ့ ပအိုဝ်းတွေအနေနဲ့ သေသေချာချာစဉ်းစားကြပါ။ သုံးသပ်ကြပါ။ ကိုယ့်လူမျိုးကို ဒီလိုမျိုးသတ်ဖြတ်နေရတာ တန်သလားပေါ့။ ပအိုဝ်းလူမျိုး မဟုတ်တဲ့ အစုအဖွဲ့တစ်ခုရဲ့ ခေါင်းဆောင် ခရိုနီနေဝင်းထွန်းအတွက် ကိုယ့်ပအိုဝ်းလူမျိုးကို ကိုယ်ပြန်သတ်ဖြတ်နေရတာ ကိုယ့်ပအိုဝ်းကျေးရွာကို ကိုယ်ပြန်ဖျက်ဆီးနေရတာ ကိုယ့်ပအိုဝ်းဒေသကို ကိုယ် ပြန်တိုက်ခိုက်နေရတာ လိပ်ပြာလုံလုံနဲ့ လိပ်ပြာသန့်သန့်နဲ့ လုပ်နိုင်ကြသလား။ သေချာစဉ်းကြပါ။ အမှန်တရားကို မြင်ကြပါလို့ ပြောချင်တယ်” ဟု PNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ခွန်းယိမ်းယံ က ဆက်လက်ပြောဆိုသည်။
![](https://yktnews.com/wp-content/uploads/2025/02/476612463_985796973647909_1782792456932798620_n.jpg)