ထီးလင်းနှင့် ရေဦးတွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်
မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ဗျူဟာ အမှတ် – ၈၁ (ယောဗျူဟာ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ထီးလင်းမြို့ ရုပ်သံကုန်းတွင် တာဝန်ကျနေသော တပ်သား နေမျိုးအောင်သည် ဗျူဟာ အမှတ် – ၈၁ (ယောဗျူဟာ) နှင့် အမှတ် (၁) စစ်ဒေသ ၊ ဂန့်ဂေါခရိုင်အမှတ် (၂ / ၄ / ၁၀) တပ်ရင်းထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
အလင်းဝင်လာသော တပ်သား နေမျိုးအောင်သည် MA 2 သေနတ် ၁ လက်၊ MA ကျည်ဘောက် ၄ ဘောက် ၊ 5.56 ကျည် ၁၂၀ တောင့်နှင့် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့ခြင်းဖြစ်ပြီး ဂုဏ်ပြုဆုငွေ ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
“ကျနော်တို့ ဗျူဟာ အမှတ် – ၈၁ အနေနဲ့က ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကိုတောင် စစ်ဥပဒေနဲ့ အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိတာဖြစ်ပါတယ်။ လက်နက်နဲ့ အတူ အခုလို ပြည်သူ့ရင်ခွင်ကို ခိုလှုံလာမယ့် စစ်ကောင်စီ တပ်သားတွေကို ကျနော်တို့ ဖိတ်ခေါ်ပါတယ်။ ကျနော်တို့ ထိုက်သင့်တဲ့ ဂုဏ်ပြုငွေကို ချီးမြှင့် ပေးသွားမှာဖြစ်ပြီးတော့မှ ကောင်းမွန်စွာ ကျနော်တို့ စောင့်ရှောက်ထားမှာ ဖြစ်ပါတယ်” ဟု ဗျူဟာ အမှတ် – ၈၁ (ယောဗျူဟာ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် အရာရှိများ မှ CDM ပြုလုပ်မည်ဆိုပါက ကာကွယ်ရေးတပ်ဖွဲ့များ၏ သတ်ဖြတ်ခြင်း ခံရမည်ဟု အယုံသွင်းခံထားရသည့် မှိုင်းမိနေသော စစ်ကောင်စီ တပ်သားများအနေဖြင့် အမြန်ဆုံး ပြည်သူ့ရင်ခွင်တွင် ခိုလှုံရန် ဖိတ်ခေါ်ကြောင်း၊ လက်နက် နှင့်အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာမည် ဆိုပါက ထိုက်တန်သော ဂုဏ်ပြုငွေ ချီးမြှင့်ပေးသွားမည် ဖြစ်ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားရှိမည်ဖြစ်ကြောင်း ဗျူဟာ အမှတ် – ၈၁ (ယောဗျူဟာ) က အသိပေး ပြောဆိုထားသည်။
အလားတူ ရေဦးမြို့နယ်တွင်လည်း ရဲတပ်သား ၁ ဦး လက်နက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ရေဦးမြို့နယ် ပြည့်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရဲတပ်သား အောင်သျှိုင်းကျော်သည် G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည် ၁၈၀ တောင့်၊ ကျည်ကာအကျီ ၁ စုံ နှင့် လက်ပစ်ဗုံး ၁ လုံး တို့ ယူဆောင်လာပြီး အလင်းဝင်ရောက်လာသောကြောင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။