ထားဝယ်-မြိတ် လမ်းပိုင်းရှိ စစ်တပ်၏ ရွှေဂူဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ သိမ်ဇရပ် ခမရ ၂၀၇ တပ်ရင်းမှ ကင်းပုန်းဝပ်နေသော စစ်သားများ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၁ ဦးသေဆုံး
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
တနင်္သာရီတိုင်း၊ ထားဝယ်-မြိတ် လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ရွှေဂူဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း T5 wings ဒရုန်းတပ်ဖွဲ့က ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ထားဝယ်-မြိတ် လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ရွှေဂူဂိတ်တွင် စစ်ကောင်စီ တပ်သားများ ဘန်ကာ အခိုင်အမာ ဆောက်လုပ်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သးများ ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို T5 wings ဒရုန်းတပ်ဖွဲ့နှင့် ဒေါင်းညီနောင်ဒရုန်းတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ပူးပေါင်းဒရုန်းတပ်များ အကြမ်းဖက် စစ်တပ်ကို ပိုမို တိုက်ခိုက်နိုင်ရန် ပြည်သူများ လက်တွဲ ပါဝင်ကူညီပေးရန် တိုက်တွန်းနှိုးဆော်ထားသည်။
ထို့ပြင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၂၀၇ တပ်ရင်း အနောက်ဘက်တွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သားကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း တောင်ညိုစစ်ကြောင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၄ နာရိအချိန်တွင် ခမရ ၂၀၇ တပ်ရင်း အနောက်ဘက်တွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သားကို တောင်ညိုစစ်ကြောင်းမှ တော်လှန်ရေး ရဲဘော်များက စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
![](https://yktnews.com/wp-content/uploads/2025/02/480183165_990621786498761_7225716004717458473_n.jpg)