ဗန်းမော်၊ စင်းခန်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးပွဲချင်းပြီး သေဆုံးပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ စင်းခန်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးပွဲချင်းပြီး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရကာ အသက် အန္တရာယ် စိုးရိမ်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၆ မိနစ်ခန့်တွင် ဗန်းမော်မြို့နယ်၊ စင်းခန်းရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၀၀ ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း အသက် ၄၀ အရွယ် အမျိုးသား ၁ ဦး နှင့် အသက် ၃၀ အရွယ် အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပြည်သူ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရှိရသည်။
ပြင်းထန် ဒဏ်ရာရရှိသူ ၃ ဦးသည် အသက် ၅၀ အရွယ် အမျိုးသား ၁ ဦး ၊ အသက် ၁၂ အရွယ် မိန်းခလေး ၁ ဦး နှင့် အသက် ၂၂ အရွယ် အမျိုးသား ၁ ဦးတို့ဖြစ်ပြီး လက်ရှိချိန်တွင် ဆေးကုသမှု ခံယူနေဆဲဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း နေအိမ် ၂ လုံးလည်း ပျက်စီး ခဲ့ကြောင်း သိရသည်။
“စင်းခန်းရွာကို စစ်ခွေးတွေက ဂျက်ဖိုက်တာ ၁ စီးနဲ့ ပေါင် ၂၀၀ ဗုံး ၃ လုံးကျဲချ တိုက်ခိုက်သွားတာ ပြည်သူ အသက် ၄၀ အရွယ် အမျိုးသား ၁ ဦး နဲ့ အသက် ၃၀ အရွယ် အမျိုးသမီး ၁ ဦး သေဆုံးတယ်။ ပြည်သူ ၃ ဦးကတော့ ပြင်းထန် ဒဏ်ရာရရှိတယ်။ အသက် အန္တရာယ် စိုးရိမ်နေရပါတယ်။ အသက်ဆုံးရှုံးသွားတဲ့ အမျိုးသမီးက လေယာဉ် ဗုံးထိမှန်ပြီး နေအိမ်မီးလောက်ပြာကျပြီး တခါတည်း အသက်ပါသွားတာပါ။ ပြည်သူ အိမ် ၂ အိမ် ပျက်စီး ဆုံးရှုံးပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ဗန်းမော်မြို့ပေါ်တွင်မူ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်၍ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလျက်ရှိပြီး အကြမ်းဖက် စစ်ကောင်စီတပ်၏ တပ်ရင်းများကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လျက်ရှိကြောင်း KIA သတင်းရင်းမြစ်များက ပြောဆိုသည်။
“ဗန်းမော်မြို့ကို သိမ်းနိုင်ဖို့ကတော့ တော်လှန်ရေးတပ်တွေက ကြိုးစားနေတယ်။ အခု စကခ ၂၁ ထဲမှာ အားလုံး စခတွေ ပိတ်ဆို့ထားပါတယ်။ တော်လှန်ရေးတပ်တွေကတော့ စစ်ကူတွေကို မြေပြင်မှာ ဖြတ်တောက်ထားနိုင်ပါပြီ” ဟု ဗန်းမော်မြို့ ရှေ့တန်းစစ်မြေပြင်မှ စစ်ရေးသတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။


