27 C
Yangon

မုံရွာနှင့် ချောင်းဦး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ၄ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၁၆ ဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ

Must read

မုံရွာနှင့် ချောင်းဦး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ၄ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၁၆ ဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် နှင့် ချောင်းဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၄ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၆ ဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ယနေ့ ၁၅ ရက်နေ့ မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၄ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေ၍ ကလေးငယ်များ အပါအဝင် ပြည်သူများ ထိခိုက်သေဆုံးမှု များပြားကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ စ၍ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ မုံရွာတောင်ပိုင်းကျေးရွာများနှင့် ချောင်းဦးမြို့တွင်း ကျေးရွာများကို တိုက်လေယာဉ်များ၊ စက်တပ် လေထီးများ အသုံးပြု၍ အကြမ်းဖက် စစ်တပ် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်နေခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ဂျက်ဖိုက်တာများနှင့် ကျဲချတိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရှိရသည်။

“ခုလက်ရှိအခြေအနေထိလည်း ဂျက်ဖိုက်တာတွေနဲ့ ကျဲချနေတယ်လို့တော့ မြေပြင်သတင်းတွေ ရရှိထားပါတယ်။ မုံရွာ၊ ချောင်းဦးနယ်က မြို့နယ်တာဝန်ခံတွေလည်းရှောင်တိမ်းနေကြဆဲမို့ အသေးစိတ်ကိုတော့ သူတို့ဆီကပဲ သေချာသိရမှာဖြစ်ပါတယ်”ဟု စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ တာဝန်ရှိသူက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညပိုင်းမှ စတင်၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မုံရွာမြို့နယ် တောင်ခြမ်းနှင့် ချောင်းဦးမြို့နယ်အနောက် ခြမ်းနေရာများကို စစ်တပ်က Y12 လေယာဉ် ဖြင့် ၉ ကြိမ် ဗုံး အလုံး ၃၀ ကျဲချတိုက်ခိုက်ခဲ့ ကြောင်း၊ ဖေဖော်ဝါရီလ ၁၃ ရက်နံနက်ပိုင်းတွင်လည်း မုံရွာမြို့နယ်တောင်ခြမ်းနှင့် ဆားလင်းကြီး မြို့နယ်အတွင်းရှိနေရာများကို Y-12 လေယာဉ်ဖြင့် ဗုံး ၉ ကြိမ်၊ စုစုပေါင်း ဗုံးသီး ၄၈ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း မုံရွာမြို့နယ်နှင့်ချောင်းဦးမြို့နယ်အတွင်းရှိ ညောင်ဖြူပင်နှင့် ညောင်ပင်သာ ကျေးရွာတို့ကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးများဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ရာ ကလေး ၁ ဦး နှင့် လူကြီး ၁ ဦး သေဆုံးကြောင်း ချောင်းဦးဆရာတော်က မိန့်ကြားသည်။

အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူ အများအပြား အိပ်စက်အနားယူချိန် ညပိုင်းနှင့် နံနက်အစောပိုင်းအချိန်များကို ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ကာ ပြည်သူလူထုနေထိုင်ရာ နေအိမ်များ၊ စစ်ရှောင်စခန်းများကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကာ စစ်ရာဇဝတ်မှု၊ လူမျိုးတုန်း သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့အကျိုးပြုကင်းထောက်ကွန်ယက် – SSN မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article