မုံရွာ -ချောင်းဦး လမ်းပိုင်းတွင် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ ဝက်လက်တွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံး
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -ချောင်းဦး လမ်းပိုင်းတွင် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း Idiots Column မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာ ပျူစောထီးစခန်းကို စစ်ကူပေးရန် ထွက်လာသော Jammer ကား ၁ စီး နှင့် သံပြားကာ ကား ၃ စီး ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း မိုင်းဆွဲ တိုက်ခိုက်မှု အတွင်း သံပြားကာ ကား ၁ စီးကို ရှေ့ထွက်မိုင်း ၅ လုံး၊ ပဒေသာ မိုင်း ၁ လုံးတို့ ထိမှန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
“ကံကြီးကုန်းကို စစ်ကူသွားတဲ့ ကား ၃ စီး ထဲက ၂ စီးမြောက်ကားကို ဆွဲမိတာ စစ်ကူမရောက်နိုင်အောင် လမ်းကနေ ဖြတ်တောက်ပြီး ဆွဲလိုက်တာ ကားရဲ့ ခါးကို အဖူး ၅ ဖူးလုံး ထိမှန်တယ်။ ကားရဲ့ ခါးကို တည့်တည့်မှန်တာမို့ ကားပေါ်ပါ စခ ၇ ဦး သေတယ်လို့ မြေပြင်ရဲဘော်တွေက အတိအကျ ပြောတယ်။ တခြား ဒဏ်ရာရတဲ့သူတွေလည်း ရှိနိုင်ပေမယ့် စာရင်းအတိအကျတော့မရဘူး” ဟု Idiots Column မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို North Western People Defence Force – N.W.P.D.F (အနောက်မြောက် ဒေသ ပြည်သူ့ကာကွယ်ရေးတပ်) ၊ ယင်းမာပင်ခရိုင် အမှတ် ၉ တပ်ရင်း၏ Idiots Column ၊ မုံရွာ ခရိုင်တပ်ရင်း ၁၁ (South monywa) ၏ တပ်ခွဲ ၂ ဖြစ်သော Youth Vigor Revlution Force နှင့် မုံရွာ မြို့နယ် (ပကဖ) တိုက်နယ် ၄ ၊ တိုက်ခိုက်ရေးအဖွဲ့ (Royal God People Defence Force) တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေး ပကဖ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် နံနက် ၈ နာရီခန့်တွင် အရာတော်မြို့နယ်၊ သလဲဘာ ပျူစောထီးရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀ ခန့်သည် ၀က်လက်မြို့နယ် ကျောက်ကုန်းကျေးရွာတွင် ကင်းလှည့်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ထိတွေ့ တိုက်ပွဲတွင် နင်းမိုင်းမိသော စစ်သား ၁ ဦး သေဆုံးပြီး ၁ ဦးခြေပြတ်သွားကြောင်း၊ ထို့ပြင် တော်လှန်ရေး ရဲဘော် ၁ ဦးလည်း ကျဆုံးခဲ့ကြောင်း သိရှိရသည်။
