30 C
Yangon

တနင်္သာရီမြို့နယ်၊ သိန်ခွန်းနှင့် ညောင်ပင်ကွင်းရွာတို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု နေအိမ် အများအပြား မီးလောင်ပြာကျ၊ ချောင်ဦးမြို့နယ်တွင်လည်း ယမန်နေ့ညပိုင်း စစ်တပ်က လေကြောင်းတိုက်ခိုက်

Must read

တနင်္သာရီမြို့နယ်၊ သိန်ခွန်းနှင့် ညောင်ပင်ကွင်းရွာတို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု နေအိမ် အများအပြား မီးလောင်ပြာကျ၊ ချောင်ဦးမြို့နယ်တွင်လည်း ယမန်နေ့ညပိုင်း စစ်တပ်က လေကြောင်းတိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ သိန်ခွန်းရွာနှင့် ညောင်ပင်ကွင်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ် အများအပြား မီးလောင်ပြာကျခဲ့ပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ကျော်ခန့်မှ ညနေ ၅ နာရီအထိ တနင်္သာရီမြို့နယ်အတွင်းရှိ သိန်ခွန်းရွာနှင့် ညောင်ပင်ကွင်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ကြောင်း၊ ထို့ပြင် မြေပြင်တွင်လည်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ဗုံးကျဲ တိုက်ခိုက်တာ နေအိမ်တွေတော့ မီးလောင်ပျက်စီးသွားတယ်။ နေအိမ် ဘယ်လောက် မီးလောင်သွားတယ်ဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ တိုက်ပွဲတွေကတော့ ဆက်လက် ဖြစ်ပွားနေတုန်းပါပဲ” ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

တနင်္သာရီမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ဇန်နဝါရီလပိုင်းမှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်တပ်က တနင်္သာရီ -မော့တောင် နယ်‌စပ် လမ်းပိုင်းကို ပြန်လည်း ထိန်းချုပ်နိုင်ရန်အတွက် အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင် နေခြင်းကြောင့် နှစ်ဖက် ထိတွေ့တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။

မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ ကလည်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တနင်္သာရီမြို့နယ် အတွင်းရှိ ညောင်ပင်ကွင်းကျေးရွာ၊ ထုံမခါကျေးရွာ၊ ထုံတော်ကျေးရွာ၊ သိမ်ခွန်းကျေးရွာ၊ ငါးမိုင်ကျေးရွာ၊ ခြောက်မိုင်ကျေးရွာ၊ ကွင်းသစ်ကျေးရွာ၊ ဗောဓိကမ်းကျေးရွာ စသည့် ကျေးရွာအနှံ့အပြားတွင် ထိတွေ့ တိုက်ပွဲများ ပြင်းထန်နေ၍ ကျေးရွာနေ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ တပ်သားများ နှင့် လုံးဝ(လုံးဝ) ပတ်သက်ခြင်းမပြုလုပ်ဘဲ ဝေးဝေးတွင်သာ နေထိုင်ကြရန်နှင့် လိုက်နာမှုမရှိပါက ထိခိုက်မှုများဖြစ်ပေါ်လာလျှင် မိမိတာဝန်သာဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

အလားတူ ယမန်နေ့ ညပိုင်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း ချောင်းဦးမြို့နယ်မှ ဒေသပြည်သူများက ဆိုကြသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ အကြမ်းဖက်စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ လက်ရှိအချိန်အထိ အပျက်အစီးနှင့် အထိအခိုက် အခြေအနေ မသိရှိရသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article